အခြေခံအဆောက်အအုံသစ်တွင် ကန်ဒေါ်လာ ၇၀ ဘီလီယံ ရင်းနှီးမြှုပ်နှံမည်ဟု Tencent ထုတ်ပြန်

အခြေခံအဆောက်အအုံသစ်တွင် ကန်ဒေါ်လာ ၇၀ ဘီလီယံ ရင်းနှီးမြှုပ်နှံမည်ဟု Tencent ထုတ်ပြန်

မေ ၂၆

တရုတ် ထိပ်တန်း နည်းပညာကုမ္ပဏီကြီး Tencent သည် ဆိုက်ဘာလုံခြုံရေး (cyber security) ၊ ဉာဏ်ရည်တုနည်းပညာ (artificial intelligence) နှင့် အင်တာနက်ကို အခြေခံ အသုံးပြုနိုင်သည့် နည်းပညာ (cloud computing) တို့အပါအဝင် နည်းပညာ အခြေခံအဆောက်အအုံပိုင်းအတွက် နောက်ငါးနှစ်အတွင်း ကန်ဒေါ်လာ ၇၀ ဘီလီယံ (ယွမ် ၅၀၀ ဘီလီယံ) ရင်းနှီးမြှုပ်နှံသွားမည်ဖြစ်ကြောင်း မေလ ၂၆ ရက်တွင် ထုတ်ပြန်သွားခဲ့သည်။

စီးပွားရေးဆိုင်ရာ software နှင့် cloud services ဝန်ဆောင်မှုများကို တောင်းဆိုမှု များလာခြင်းနှင့်အတူ အခြေခံအဆောက်အအုံသစ်တွင် ရင်းနှီးမြှုပ်နှံခြင်းကနေတဆင့် ကမ္ဘာ့ ဒုတိယမြောက်စီးပွားရေးအင်အားအကြီးဆုံး နိုင်ငံကို နည်းပညာဖြင့် မောင်းနှင်သည့် ဖွဲ့စည်းတည်ဆောက်ပုံဆိုင်ရာ အဆင့်မြှင့်တင်မှု လုပ်ဆောင်ရန် ပေကျင်းအစိုးရက ပြီးခဲ့သည့်လတွင် တောင်းဆိုခဲ့ပြီးနောက် ယခုကဲ့သို့ Tencent ၏ ကြေညာချက် ထွက်ရှိလာခြင်း ဖြစ်သည်။

ရင်းနှီးမြှုပ်နှံမှု၏ အခြားသော  အဓိက အပိုင်းကဏ္ဍများထဲတွင် blockchain ၊ servers များ၊ big data စင်တာများ၊ supercomputer စင်တာများ၊ IoT OS စနစ်များ၊ 5G ကွန်ရက်များနှင့် quantum computing နည်းပညာတို့လည်း ပါဝင်ကြောင်း Tencent ၏ အကြီးတန်း အမှုဆောင် ဒုဥက္ကဌ Dowson Tong က ပြောသည်။

Tencent သည် နာမည်ကျော် WeChat messaging အက်ပလီကေးရှင်းနှင့် အခြားသော ပေါ်ပြူလာဂိမ်းများအတွက်လူသိများသည့်လုပ်ငန်းကုမ္ပဏီတစ်ခုဖြစ်သော်လည်းယခုအခါစီးပွာရေးလုပ်ငန်းဝန်ဆောင်မှုများဘက်သို့ ချဲ့ထွင်လုပ်ကိုင်ရန် ရည်မှန်းလာနေခြင်း ဖြစ်သည်။

ယခု ရင်းနှီးမြုှပ်နှံမှု ကြေညာချက် ထွက်ရှိပြီးနောက် Tencent ၏ ရှယ်ယာဈေးနှုန်းများ ၂ ဒသမ ၅ ရာခိုင်နှုန်းခန့် တက်သွားခဲ့သည်။

လက်ရှိတွင် COVID-19 ကပ်ရောဂါကာလအတွင်း cloud လုပ်ငန်းများတွင် ထိခိုက်မှုများ ဖြစ်ပေါ်နေသော်ငြား ရေရှည်ကာလတွင် offline လုပ်ငန်းများနှင့် အများပြည်သူဆိုင်ရာ လုပ်ငန်းကဏ္ဍများတွင် cloud services ဝန်ဆောင်မှုများနှင့် လုပ်ငန်းသုံး ဆော့ဝဲ ရွေးချယ်အသုံးပြုမှုများ အရှိန်မြင့်လာမည်ဟု မျှော်လင့်ထားကြောင်း Tencent က ထုတ်ပြန်ခဲ့သည်။

ပြီးခဲ့သည့် စတုတ္ထသုံးလပတ်က တရုတ်နိုင်ငံ၏ cloud ဈေးကွက်တွင် Tencent က ဈေးကွက်ဝေစု ၁၈ ရာခိုင်နှုန်း  ရရှိထားခဲ့ပြီး ဈေးကွက်ဝေစု ၄၆ ဒသမ ၄ ရာခိုင်နှုန်းအထိ ချုပ်ကိုင်ထားသော Alibaba ၏ နောက်တွင် ရပ်တည်နေသည်ဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required