NSCN-K ၏ တပ်မှူး ဗိုလ်ကြီး ချူဆီမူ လုပ်ကြံခံရ၍ သေဆုံး

NSCN-K ၏ တပ်မှူး ဗိုလ်ကြီး ချူဆီမူ လုပ်ကြံခံရ၍ သေဆုံး
ပုံ- နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ-ကပ္ပလန်(NSCN-K)တပ်ဖွဲ့ကို တွေ့ရစဉ်(ပုံ-News 18 INDIA)

ရန်ကုန်၊မေ ၁၉

နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ-ကပ္ပလန်(NSCN-K)အဖွဲ့ တီဆာရီ ဒေသ၏ တပ်မှူး ဖြစ်သူ ဗိုလ်ကြီး ချူဆီမူ သည် မေလ ၁၈ ရက်က သေနတ်သမား၏ လုပ်ကြံခံလိုက်ရ၍ သေဆုံးသွားကြောင်း NSCN/GPRN က ယနေ့ ရက်စွဲဖြင့် ထုတ်ပြန် ကြေညာခဲ့သည်။

တပ်မှူး ဗိုလ်ကြီး ချူဆီမူ (Chusimu) ကို သေနတ်ဖြင့် အနီးကပ်ပစ်ခံရ၍ နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးသွားခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။ လုပ်ကြံခံရချိန်တွင် ၎င်းနှင့်အတူ အခြားတစ်ဦးလည်းရှိပြီး နှစ်ဦးလုံး လက်နက်ကိုင်ဆောင်ထားခြင်းမရှိကြောင်းနှင့် ၎င်းနှင့်အတူ ရှိနေသူမှာ ခြေထောက်တွင် ဒဏ်ရာရသွားခဲ့သည်ဟု ဆိုသည်။

NSCN-K ၏ ဗိုလ်မှူး ဂျူလိုင်ထောင်းက “ ကျွန်တော်တို့ဆီမှာ တီဆာရီ ရီဂျင် (Tisary Region) ဆိုတဲ့ နယ်မြေရှိတယ်လေ၊ အဲဒီနယ်မြေရဲ့ တပ်မှူးဖြစ်ပါတယ်။အဲဒါတော့(ဘယ်အဖွဲ့-ဘယ်သူက လုပ်ကြံ သွားတယ်ဆိုတာတော့) ကျွန်တော်တို့ စုံစမ်းဆဲပဲ”ဟု ပြောသည်။

တီဆာရီဒေသသည် စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လေရှီးမြို့နယ်အတွင်းတွင် တည်ရှိကြောင်း သိရသည်။

ဗိုလ်ကြီး ချူဆီမူသည် တီဆာရီဒေသ၊ ကူလကျေးရွာ နေ မစ္စတာ စီမူသောင်၏ သားဖြစ်ပြီး နာဂအဖွဲ့တွင် တပ်နံပါတ်မှာ ၁၆၄၃၈ ဖြစ်ကြောင်းနှင့် ကလေး နှစ်ဦး၏ ဖခင်ဖြစ်ကြောင်း NSCN/GRPN ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

NSCN/GRPN က “တိုင်းပြည် တာဝန် ၁၀ နှစ်ကျော် ထမ်းခဲ့စဉ် ကာလအတွင်း နိုင်ငံတော်ကို ချစ်မြတ်နိုးပြီး အရည်အသွေး ပြည့်ဝခဲ့ပါသည်၊ သူ၏ ကိုယ်ကျိုးမဖက် ဆောင်ရွက်ချက်နှင့်တန်ဖိုး ဖြတ်မရသော ပါဝင် ထမ်းဆောင်မှု အတွက် နာဂနိုင်ငံတော်က သူ့ကို မြတ်နိုးစွာ အောက်မေ့သတိရနေမည်”ဟု လည်း ဆိုထားသည်။

NSCN ကို ၁၉၈၀ ခုနှစ်က စတင် ဖွဲ့စည်းခဲ့ပြီး နာဂနိုင်ငံတော် ထူထောင်ရေးအတွက်ကြိုးပမ်းခဲ့ရာ ခေါင်းဆောင် များကြား သဘောထားကွဲလွဲခဲ့သည့်အတွက် ၁၉၈၈ ခုနှစ်တွင် ကပ္ပလန် ဦးဆောင်သည့် အဖွဲ့က NSCN-K ဟု ဆိုကာ မြန်မာနိုင်ငံပိုင်နက်၊ နန်းယွန်းမြို့နယ်ရှိ၊ တကားကျေးရွာတွင် အခြေစိုက်လှုပ်ရှားလျက်ရှိသညကြ

အလားတူ အိုက်ဇက်ချီရှီဆူ-မွီးဗာ ခေါင်းဆောင်သောအဖွဲ့ကတော့ NSCN-IM ဆိုကာ အိန္ဒိယနိုင်ငံ၏ နာဂလန်း ပြည်နယ်တွင် အခြေစိုက်လှုပ်ရှားလျက်ရှိသည်။

လက်ရှိတွင် NSCN-K သည် ၂၀၁၂ ခုနှစ်၊ ဧပြီလက တိုင်းဒေသကြီးအဆင့် ပဏာမ အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးထားပြီး NSCN-IM က ၁၉၉၇ ခုနှစ်တွင် ငြိမ်းချမ်းရေးယူခဲ့ပြီး ၂၀၁၅ ခုနှစ်မှာတော့ အိန္ဒိယအစိုးရနှင့် NSCN-IM ကြား ဘုံသဘောတူညီသည့် နိုင်ငံရေးသဘောတူညီချက် တစ်ခုကို ရေးဆွဲခဲ့ကာ အကောင်အထည်ဖော်လျက်ရှိနေသည်။

သို့သော် NSCN-K သည် အိန္ဒိယအစိုးရက အာသံ၊ ကသည်း သူပုန်များဖြင့် မဟာမိတ်ဖွဲ့ကာ တော်လှန်တိုက် ခိုက်လျက်ရှိသည်။

ထို့နောက် အိန္ဒိယအစိုးရက မြန်မာပိုင်နက်အတွင်း နာဂ၊ ကသည်း၊ အာသံ သူပုန်များ လှုပ်ရှားခွင့် မပေးရန် မြန်မာအစိုးရက တောင်းဆိုလျက်ရှိရာမှ မြန်မာအစိုးရက နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့နယ်၊ တကားကျေးရွာတွင် ဗဟိုဌာနချုပ်အဖြစ် ထားသည့် NSCN-K ဌာနချုပ်ကို ဝင်ရောက်၍ ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီ ၂၉ ရက်က နယ်မြေ ရှင်းလင်းရေးလုပ်ကာ ယနေ့ချိန်ထိ ဌာနချုပ်ကို ထိန်းချုပ်ထားသည်။

မြန်မာအစိုးရ အပြောအရ NSCN-K ၏ တကားစခန်းတွင် အိန္ဒိယကို တိုက်ခိုက်နေသော အာသံနှင့်ကသည်း သူပုန်များကို ခိုအောင်းခွင့်ပြုသည့်အတွက် မြန်မာနိုင်ငံ၏ အနောက်မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် လက်အောက်ခံ ခန္တီးဗျူဟာက NSCN-K ၏ တကားစခန်းတွင် ထိန်းချုပ်လိုက်ခြင်း ဖြစ်ကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required