လေးရက်အတွင်း မြဝတီနယ်စပ်မှ ပြန်လည်ဝင်ရောက်လာသည့် မြန်မာလုပ်သား ၁၆၀ နီးပါးရှိနေ

လေးရက်အတွင်း မြဝတီနယ်စပ်မှ ပြန်လည်ဝင်ရောက်လာသည့် မြန်မာလုပ်သား ၁၆၀ နီးပါးရှိနေ
Photo - EPA

မေ ၅

မြဝတီနယ်စပ်ဂိတ် ပြန်လည်ဖွင့်လှစ်ခဲ့သည့် မေလ ၁ရက်နေ့မှစတင်ကာ ယနေ့အထိပြန်လည်ဝင်ရောက်လာသည့် မြန်မာလုပ်သား ၁၆၀ နီးပါးရှိကြောင်း မြဝတီမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသန့်ဇင်အောင် ကပြောသည်။

မေလ ၁ရက်တွင် ၆၀ဦး၊ ၂ရက်တွင် ၅၄ဦး၊ ၃ရက်တွင် တစ်ဦး၊ ၄ရက်တွင် ၄၄ဦး  စုစုပေါင်း ၁၅၉ဦး ဝင်ရောက်လာခဲ့ပြီး ယနေ့ မေလ ၅ရက်တွင် ဝင်ရောက်ရန် ထိုင်းဘက်တွင် စောင့်ဆိုင်းနေသူ ကိုးဦး ရှိကြောင်း သိရသည်။
“ကိုးယောက်ဝင်ဖို့ အတွက် ထိုင်းအာဏာပိုင်တွေနဲ့ ညှိနှိုင်းနေတယ်။ ဟိုဘက်ထိပ်မှာရောက်နေပြီ။ ကျွန်တော်တို့ကတော့ ဝင်လာရင် အဆင်ပြေအောင် အားလုံးဖွင့်ထားပြီးသားပေါ့နော်။” ဟု ဦးသန့်ဇင်အောင်က ပြောသည်။
လက်ရှိဝင်ရောက်လာသူ ၁၆၀နီးပါးသည် တာ့ခရိုင်၊ မဲဆောက်မြို့ အနီးဝန်းကျင်က အများစု ဖြစ်ကာ ထိုင်းနှင့် မလေးရှားနယ်စပ်မှ ပြန်လာသူအချို့ ဖြစ်သည်။ယခု ဝင်ရောက်လာသူများသည် ထိုင်းနိုင်ငံ အရေးပေါ်ကာလ တားမြစ်ချက် အတွင်း ပြန်လည်ဝင်ရောက်လာခြင်းကြောင့် အလိမ်ခံရမှုများရှိကြောင်းသိရသည်။

ဦးသန့်ဇင်အောင်က’အရေးပေါ်အခြေအနေကြားထဲက လာရတဲ့ အခါကြတော့ ကြားထဲမှာ ထိုင်းရဲယောင်ဆောင်ပြီးတော့ ရုံးလိုနေရာမျိုးကို ခေါ်သွားပြီးတော့ ငွေလိမ်တာတို့ အဲဒီလိုမျိုးလေးတွေရှိတယ်။” ဟု ပြောသည်။
ထိုင်းနိုင်ငံရောက်မြန်မာလုပ်သားများအနေဖြင့် ဧပြီ ၃၀ရက်နောက်ပိုင်းမှ စ၍ စာရင်းပေးသွင်းထားခြင်းဖြစ်ကာ ထိုင်းနိုင်ငံ COVID -19 ကူးစက်ရောဂါ တိုက်ဖျက်ကာကွယ်ရေးစီမံခန့်ခွဲမှုဗဟိုဌာနက အရေးပေါ်အခြေ အနေကြေညာခြင်း ညမထွက်ရအမိန့်၊ ပြည်နယ်ဖြတ်ကျော် ခရီးသွားလာခြင်း ခွင့်မပြုသည့် အမိန့် အရေးပေါ်ကြေညာချက်ကို မေလ ၃၁ရက်နေ့ အထိတိုးမြှင့်ထားသည်။

ထိုကြောင့် မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်လိုသော မြန်မာရွှေ့ပြောင်း လုပ်သား စာရင်းပေးသွင်းထားသူ ၂၀၀၀၀ ကျော်သည်  သက်ဆိုင်ရာနေရာများမှ နယ်စပ်ဂိတ်သို့ ဝင်ရောက်ရန် အခက်ခဲရှိနေသည်။
“ကျွန်တော်တို့ဘက်ကတော့ အစိုးရအဖွဲ့ ကတော့ ထိုင်းနိုင်ငံမှာရှိတဲ့ တာဝန်ရှိတဲ့သူတွေကို ချိတ်ဆက်တာရှိတယ်။ နောက်ဆုံး ထွက်တဲ့ စာမှာဆိုရင် ထိုင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန နဲ့ စစ်ဘက်ဌာနတွေ တာဝန်ရှိတဲ့သူတွေ ဆွေးနွေးပွဲ လုပ်ဖို့ ဒီဆွေးနွေးမှုရလဒ်အဖြေကို စောင့်ဆိုင်းဖို့ မြန်မာရွေ့ပြောင်းအလုပ်သမားတွေနဲ့ ပတ်သက်ပြီး ထိုင်းရဲ့ ဥပဒေကိုလေးစားလိုက်နာဖို့ သက်ဆိုင်ရာ ဒေသအသီးသီးမှာပဲ နေထိုင်ထားဖို့ အဲဒီလိုမေတ္တာရပ်ခံ ထားတာ၊ ပန်ကြားထားတာကို တွေ့ရတယ်။” ဟု ဦးသန့်ဇင်အောင် ကပြောသည်။

မြန်မာလုပ်သားများ သက်ဆိုင်ရာနေရာများမှ နယ်စပ်ဂိတ်များသို့ အန္တရာယ်ကင်း၊ လုံခြုံစွာဖြင့် အမြန်ဆုံးပြည်နယ် ဖြတ်ကျော် ခရီးသွားလာနိုင်ရေးအတွက် ထိုင်းနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန နှင့် သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းဆောင်ရွက်နေကြောင်း ဘန်ကော်မြို့၊ မြန်မာနိုင်ငံဆိုင်ရာသံရုံးက အသိပေးထားသည်။

မြဝတီမြို့နယ်တွင် မြန်မာလုပ်သား ၂၀၀၀ကျော် ထားရှိနိုင်သည့် Quarantine စင်တာ ၁၀ခု နီးပါးပြင်ဆင်ထားပြီး သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ ပို့ဆောင်ရန်အတွက် ယာဉ်တစ်စီးစာ လူဦးရေ မပြည့်ပါက အဆိုပါ Quarantine Center များတွင် ခေတ္တထားရှိကြောင်းသိရသည်။

 “နယ်စပ်မှာ တစ်ချို့ တိုင်းနှင့်ပြည်နယ်က ကားတွေနဲ့စောင့်နေတာရှိတယ်။ ကားတစ်စီးစာထွက်ဖို့ လူမရှိဘူးဆိုရင် နောက် ကားက လမ်းကြောင်းသင့်တာရှိတယ်။ တကယ်လို့ လမ်းကြောင်းမသင့်ရင် Quarantineကို ဒီမှာပဲထားပေးထားတယ်။ နောက်နေ့ လာတဲ့ကားနဲ့ ထည့်ပေးလိုက်တယ်။ သက်ဆိုင်ရာ ဒေသအသီးသီးမှာ အစိုးရကနေ စီမံထားတဲ့ Quarantine စခန်းတွေမှာ ၂၁ရက်နေရတာပေါ့နော်။ ကျွန်တော်တို့ဆီမှာ ထားလို့မရတာကလည်း လူက နေ့စဉ်ရက်ဆက်ဝင်နေတော့ အဲဒါကြောင့် နယ်စပ်မှာထားလို့မရတာပါ။” ဟု ဦးသန့်ဇင်အောင်က ပြောသည်။

နယ်စပ်ဂိတ်ပေါက်မှ ပြန်လည်ဝင်ရောက်လာသည့် မြန်မာရွှေ့ပြောင်းလုပ်သားများကို ကျန်းမာရေးဌာနမှ ကျန်းမာရေးစစ်ဆေးခြင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့် အုပ်ချုပ်ရေးပိုင်းမှ စစ်ဆေးခြင်းများကို သတ်မှတ်ထားသည့် အကွာအဝေးမှ အဆင့်ဆင့် စနစ်တကျ ပြုလုပ်ခြင်းဖြစ်ကြောင်းသိရသည်။မေလ ၁ရက်နေ့တွင် ထိုင်း-မြန်မာနယ်စပ်ဂိတ်ပေါက်နှစ်ခုမှ မြန်မာလုပ်သားများ ပြန်လည်ဝင်ရောက်ခွင့်ပြုခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly