ရုရှ၌ သုံးရက်ဆက်တိုက် နေ့စဉ် ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူ တစ်သောင်းကျော်

ရုရှ၌ သုံးရက်ဆက်တိုက် နေ့စဉ် ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူ တစ်သောင်းကျော်

မတ် ၅

ရုရှနိုင်ငံတွင် အင်္ဂါနေ့၌ ကိုရိုနာဗိုင်းရပ်စ် အသစ်ကူးစက်သူ ၁၀၁၀၂ ဦး ရှိရာ နိုင်ငံ၏ တရားဝင် ထုတ်ပြန်သော ကူးစက်သူဦးရေသည် စုစုပေါင်း ၁၅၅၃၇၀ အထိ ရှိသွားပြီ ဖြစ်သည်။

ပြီးခဲ့သည့်နှစ်ရက်ကလည်း ကိုရိုနာဗိုင်းရပ်စ်အသစ် ကူးစက်သူ တစ်သောင်းကျော်စီ ရှိခဲ့ခြင်းကြောင့် သုံးရက်ဆက်တိုက် နေ့စဉ် တစ်သောင်းကျော် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခြင်းပဲ ဖြစ်သည်။

ဗိုင်းရပ်စ် ကူးစက်မှုတွင် ရုရှသည် တရုတ်၊ တူရကီနှင့် အီရန်တို့ထက် ပြီးခဲ့သည့် သီတင်းပတ်တွင် ပိုများခဲ့ကာ ကမ္ဘာတွင် သတ္တမမြောက် ကူးစက်မှုအများဆုံး နိုင်ငံဖြစ်လာသည်။

ဝန်ကြီးချုပ် မီခေးလ်မီရှုစတင်းက သူ့တွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ကြောင်းကို ပြီးခဲ့သည့် သီတင်းပတ်၌ အတည်ပြုကြေညာရာ နိုင်ငံအတွင်း အဆင့်မြင့်ပုဂ္ဂိုလ်တစ်ဦး ဗိုင်းရပ်စ် ကူးစက်ခံရခြင်းပဲ ဖြစ်သည်။

ပြီးခဲ့သည့် ၂၄ နာရီအတွင်း ၉၅ ဦး သေဆုံးရာ နိုင်ငံ၌ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ  စုစုပေါင်း ၁၄၅၁ ဦးအထိ ရှိခဲ့သည်။

အနောက်ဥရောပနိုင်ငံအများစုတွင် ကူးစက်နှုန်းနှင့် သေဆုံးနှုန်း ကျဆင်းလာပြီးနောက် လော့ဒေါင်းလုပ်ငန်းစဉ်များ ဖြေလျှော့မှုများ စတင်လာချိန် ရုရှသည် ကိုရိုနာဗိုင်းရပ်စ် အသစ်ကူးစက်မှု မြင့်မားသည့် နိုင်ငံအဖြစ် ရောက်ရှိလာလျက် ရှိသည်။

ကူးစက်ဖြစ်ပွားမှု သိသိသာသာ မြင့်တက်နေသော်လည်း ရုရှ၏ တရားဝင်ထုတ်ပြန်ထားသော သေဆုံးနှုန်းသည် အီတလီ၊ စပိန်နှင့် အမေရိကန်ကဲ့သို့သော နိုင်ငံများနှင့် နှိုင်းယှဉ်လျှင် နည်းပါးနေဆဲ ဖြစ်သည်။

တာဝန်ရှိသူများက နိုင်ငံ၏ နယ်စပ်များ ပိတ်ခြင်း၊ ကျယ်ကျယ်ပြန့်ပြန့် ဗိုင်းရပ်စ်စမ်းသပ်စစ်ဆေးခြင်းနှင့် ခြေရာခံခြင်းများတွင် မြန်မြန်ဆန်ဆန် လုပ်ဆောင်နေကြောင်း အာမခံသော်လည်း တာဝန်ရှိသူများက ထုတ်ပြန်သည့် နှုန်းထားများအပေါ် သံသယ ရှိနေသည်။

မြို့တော် မော်စကိုသည် နိုင်ငံအတွင်း ဗိုင်းရပ်စ်ကပ်ဘေး ဗဟိုချက် ဖြစ်နေပြီး တစ်နိုင်ငံလုံး ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူဦးရေ၏ ထက်ဝက်နီးပါးက မော်စကိုမှ ဖြစ်သည်။ ခြိမ်းခြောက်မှုက မြင့်မြင့်မားမား ရှိနေပြီး မြို့နေများအနေဖြင့် ရောဂါခြေချုပ် စည်းမျဉ်းများနှင့် ဗိုင်းရပ်စ် တိုက်ထုတ်ရေးလုပ်ငန်းစဉ်များကို လေးစားကြရန် မြို့တော်ဝန် ဆာဂျီဆိုဘိုင်ယန်နင်က တိုက်တွန်း ပြောဆိုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly