ယာယီပိတ်ထားသည့်စက်ရုံများမှ အလုပ်သမားများကို လစာ ၏ ၄၀ရာခိုင်နှုန်း နိုင်ငံတော်အစိုးရက ထောက်ပံ့မည်

ယာယီပိတ်ထားသည့်စက်ရုံများမှ အလုပ်သမားများကို လစာ ၏ ၄၀ရာခိုင်နှုန်း နိုင်ငံတော်အစိုးရက ထောက်ပံ့မည်
  ဧပြီလကုန်ထိ စက်ရုံပိတ်ပေးရန် ဒဂုံဆိပ်ကမ်းရှိ စက်ရုံအလုပ်သမများ ဧပြီ ၃ရက်နေ့က တောင်းဆိုကြစဉ်။  ဓာတ်ပုံ - သူရ ( မဇ္ဈိမ )

ဧပြီ ၂၉၊ ရန်ကုန်

ဧပြီလအတွင်း စက်ရုံ၊အလုပ်ရုံများဖွင့်လှစ်နိုင်ရန် စစ်ဆေးမှုကြောင့် ယာယီပြန်လည်ပိတ်ခဲ့ရသည့် စက်ရုံများမှ လူမှုဖူလုံရေးအကျုံးဝင်မှတ်ပုံတင်ထားသော အာမခံအလုပ်သမားများအတွက် ရပ်နားထားသည့် ရက်များအလိုက် လစာ၏ ၄၀ ရာခိုင်နှုန်းကိုအကျိုးခံစားခွင့်အဖြစ် ထုတ်ယူခံစားခွင့်ပြုပေးသွားမည်ဖြစ်ကြောင်း သိရသည်။

၄င်းလူမှုဖူလုံရေးအကျိုးခံစားခွင့်ကို အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက ဧပြီလ ၂၈ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။

၂၀၁၂ခုနှစ် လူမှုဖူလုံရေးဥပဒေအရ အဆိုပါ ထောက်ပံ့မှုကို လစဉ် အလုပ်ရှင်ဘက်မှ ၃ရာခိုင်နှုန်း၊ အလုပ်သမားဘက်မှ ၂ရာခိုင်နှုန်းကို ဇန်နဝါရီလအထိ လူမှုဖူလုံကြေးသွင်းထားသည့် အလုပ်သမားများက လစာ၏ ၄၀ရာခိုင်နှုန်းကို ခံစားခွင့်ရရှိမည် ဖြစ်သည်။

လူမှုဖူလုံကြေးပေးသွင်းထားသော စက်ရုံပိုင်ရှင်များ၊အလုပ်ရှင်များက အလုပ်သမားစာရင်းကို စုစည်းပြီး သက်ဆိုင်ရာမြို့နယ်အလိုက် လူမှုဖူလုံရေးရုံးများတွင် တင်ပြလျှောက်ထားရမည်ဖြစ်ပြီး ထောက်ပံ့ငွေကို အလုပ်ပြန်ဖွင့်ပြီး ၂ရက်အတွင်းပေးနိုင်ရန် စီစဉ်နေကြောင်းလည်း သိရသည်။

အဆိုပါစာရင်းကို အလုပ်ရှင်ဘက်မှတင်ပြရမည်ဖြစ်သောကြောင့် အချို့သောစက်ရုံများ ၂၀ရက်နေ့မှ ၃၀ရက်အထိ အမှန်တကယ်ပိတ်ထားခြင်းရှိ၊ မရှိ၊ အလုပ်အတက်၊အဆင်းမှတ်တမ်းများကို စစ်ဆေးပြီးမှသာ ပိတ်ရက်များအတွက် လစာ၏ ၄၀ရာခိုင်နှုန်းကို ထောက်ပံ့ပေးသင့်ကြောင်း အလုပ်သမားအင်အားစုအဖွဲ့၏ ဥက္ကဋ္ဌ ကိုကျော်မျိုးထွေးက ပြောသည်။

“ပိတ်ထားရမယ်လို့ပြောထားပေမယ့် အခုလည်ပတ်နေတဲ့ စက်ရုံတွေအများကြီးပဲ။ကျွန်တော်တို့ တောက်လျှောက်လိုက်နေတဲ့စက်ရုံတွေရှိတယ်။ကျွန်တော်တို့မှာလည်း ဓာတ်ပုံမှတ်တမ်းတွေ ရှိတယ်။တရားဝင်ဖွင့်ခွင့်မပြုသေးဘဲ ခေါ်ဆင်းခိုင်းနေတာပေါ့။ဖွင့်ခဲ့တဲ့ရက်အတွက် အလုပ်ရှင်ကပဲပေးရမှာ။အဲ့တာကို လူမှုဖူလုံရေး ရန်ပုံငွေထဲက အလဟသပေးလိုက်ရမှာ မဖြစ်စေချင်ဘူး။အလုပ်ရှင်တွေက ရောချမှာစိုးတယ်”ဟု ကိုကျော်မျိုးထွေးက ဆိုသည်။

ထို့ပြင် အချို့သော စက်ရုံများတွင် အလုပ်ရှင်ဘက်မှလစဉ်ပေးသွင်းရမည့် လူမှုဖူလုံကြေးပျက်ကွက်မှုများရှိနေပြီး ထိုလူမှုဖူလုံကြေးပေးသွင်းရန်ပျက်ကွက်ထားပါက လူမှုဖူလုံရေးဥပဒေ ပုဒ်မ ၆၉အရ အကျိုးခံစားခွင့်ရရှိမည့် လစာ၏ ၄၀ရာခိုင်နှုန်းကို အလုပ်ရှင်ဘက်မှ ပေးရန်တာဝန်ရှိကြောင်းလည်း  ၎င်းကပြောသည်။

လူမှုဖူလုံရေးအာမခံထားသည့် အလုပ်သမားများမှာ လူမှုဖူလုံရေးဥပဒေအရ မကျန်းမာသောအလုပ်သမားများ၊  Quarantine ဝင်ရန်လိုသော အလုပ်သမားများနှင့်ကိုယ်ဝန်ဆောင် မိခင်များသည် မှတ်ပုံတင်ထားသည့် ကာလ ၆လနှင့် ထည့်ဝင်ကြေးကာလ လေးလရှိပါက ယခင် ၄လစာ၏ ပျှမ်းမျှ ၆၀ ရာခိုင်နှုန်းကို ခံစားနိုင်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ်က ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံတွင် အထည်ချုပ်၊ စားသောက်ကုန်၊ ဆေးဝါးစသည့် စက်ရုံ၊ အလုပ်ရုံပေါင်း ငါးသောင်းကျော်ရှိနေပြီး အလုပ်သမားအရေအတွက်မှာ စက်ရုံတစ်ရုံလျှင် အနည်းဆုံး ထောင်ကျော်မှ သောင်းကျော်အထိ ရှိနေကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတွင် စက်ရုံအများဆုံး တည်ရှိသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly