ဒေါ်စု ဖုန်းဖြင့် မဲဆွယ်မည့် ကိုကိုးကျွန်းသို့ ဖုန်းများ အဆက်အသွယ် ပြတ်တောက်

ဒေါ်စု ဖုန်းဖြင့် မဲဆွယ်မည့် ကိုကိုးကျွန်းသို့ ဖုန်းများ အဆက်အသွယ် ပြတ်တောက်

ကိုကိုးကျွန်းရှိ မဲဆန္ဒရှင်များသို့ ဒေါ်အောင်ဆန်းစုကြည်က တယ်လီဖုန်းဖြင့် မဲဆွယ်စည်းရုံး ဟောပြောရန် ဆက်သွယ်နေသော်လည်း ယင်းကျွန်းရှိ ဖုန်းများ အဆက်အသွယ် ပြတ်တောက်နေသည်ဟု အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပြောခွင့်ရသူ ဦးဝင်းထိန်က မဇ္ဈိမကို အတည်ပြုသည်။

"မနေ့ကတည်းက ကျွန်တော်တို့ ဒီနေ့ ၅နာရီကနေ ၆နာရီအကြား ဖုန်းဆက်မယ်လို့ ပြောထားတာ၊ အခုအကြိမ်  ၃၀ လောက်ရှိပြီ ဆက်နေတာ ကြိုးစားတာပေါ့ဗျာ။ ကျွန်တော်တို့ ချိန်းထားတာကို။ ဒေါ်အောင်ဆန်းစုကြည်ကလည်း စောင့်နေတယ်" ဟု ဆိုသည်။

ကိုကိုးကျွန်းသို့ ရောက်ရှိနေသည့် NLD အမတ်လောင်းများနှင့် ဒေသခံများသို့ မဇ္ဈိမက ရရှိ ထားသည့် ၀၉ ၃၀ ၊ ၃၁၊ ၃၂ အစရှိသည့် ဖုန်းမျာကို နေ့လည် ၃နာရီမှ စတင်ကာ ဆက်တိုက် ဆက်သွယ်ရာတွင်လည်း ဆက်သွယ်မှု ဧရိယာ ပြင်ပဟုသာ ပြန်လည်ဖြေကြားပြီး ၄နာရီတွင်မူ စက်ပိတ်သည်ဟု ပြန်လည် ဖြေကြားသည်။

NLD ပြည်သူ့ လွှတ်တော်အမတ်လောင်းကမူ NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က နိုဝင်ဘာ ၃ရက် ညနေ ၅နာရီတွင် ဖုန်းဖြင့် ဆက်သွယ်ကာ လူထုသို့ ဟောပြေမည်ဟု မဇ္ဈိမသို့ နိုဝင်ဘာ ၂ရက် မနက်ပိုင်းက စာတိုစနစ်ဖြင့် အသိပေးထားသည်။ 

ကိုကိုးကျွန်းဧရိယာသည် အခြား GSM ဖုန်းများကို အသုံးပြုကာ ဆက်သွယ်နိုင်ခြင်း မရှိသပဲ ၀၉ ၃၀ ၊ ၃၁၊ ၃၂ ဖြင့် အစပြုသည့် CDMA 800 MHz- 2000x အမျိုးအစားများ ဖြင့်သာ အသုံးပြု ဆက်သွယ်နိုင်သည်ဟုလည်း ယင်းမြို့နယ် NLD ပြည်သူ့ လွှတ်တော်အမတ်လောင်း နှင့် ဒေသခံအချို့က မဇ္ဈိမကို ဖြေကြားဖူးသည်။

CDMA 800 MHz- 2000x  အမျိူးအစား ၀၉ ၃၀ ၊ ၃၁၊ ၃၂ ဖုန်းများကို တပ်မတော်ပိုင် မြန်မာ့ စီးပွားရေး ကော်ပိုရေးရှင်း လုပ်ငန်းမှ လုပ်ကိုင်ခွင့်ရရှိကာ ဖုန်းလိုင်းများကို ၁၅၀၀ဖြင့် ရောင်းချ ပေးထားခြင်းဖြစ်သည်။

အဆိုပါ မဲဆန္ဒနယ်တွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဗိုလ်ချုပ်ကြီးဟောင်း သူရ သက်ဆွေ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။ ကိုကိုးကျွန်းသို့ သွားရောက်မဲဆွယ်ရန် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်လောင်းမှာ နှောင့်နှေးမှုများ ဖြစ်ခဲ့ပြီး ဗိုလ်ချုပ်ကြီးဟောင်း သူရ သက်ဆွေမှာ ကိုကိုးကျွန်းသို့ လေယာဉ်ဖြင့် သွားရောက်ခွင့်ရသော်လည်း NLD ကိုယ်စားလှယ်မှာမူ သင်္ဘောဖြင့်သွား သွားရောက်ခဲ့ရသည်ဟုလည်း NLD ကိုယ်စားလှယ်က ပြောဆိုထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required