COVID-19 တိုက်ဖျက်နေချိန် ကိုယ်လုပ်တော်များနှင့် ဂျာမနီ၌ သီးခြားခွဲနေထိုင်နေသည့် ထိုင်းဘုရင်

COVID-19 တိုက်ဖျက်နေချိန် ကိုယ်လုပ်တော်များနှင့် ဂျာမနီ၌ သီးခြားခွဲနေထိုင်နေသည့် ထိုင်းဘုရင်

မတ် ၃၀

နိုင်ငံအတွင်း COVID-19 ကူးစက်ရောဂါကပ်ဆိုက်နေချိန်တွင် ထိုင်းဘုရင်မင်းမြတ် မဟာဝဇီရာလောင်ကွန်းသည် ဂျာမနီနိုင်ငံ Gammisch-Partenkirchen မြို့ရှိ ဇိမ်ခံဟိုတယ်၌ နောက်လိုက် အခြွေ ရံများနှင့်အတူ သီးခြား ခွဲ၍ နေထိုင်လျက်ရှိသည်။

ထိုင်းဘုရင်သည် ၎င်းတို့တစ်ဖွဲ့လုံးအတွက်   ကြယ်လေးပွင့်အဆင့်ရှိ Grand Hotel Sonnebbichl ဟိုတယ်တစ်ခုလုံးငှားရန် ဒေသကောင်စီထံမှ အထူးခွင့်ပြုချက် ရရှိခဲ့သည်ဟုဆိုသည်။

အသက် (၆၇) နှစ်ရှိပြီဖြစ်သည့် ထိုင်းဘုရင်မြတ်နှင့်အတူ ကိုယ်လုပ်တော် အယောက် (၂၀) နှင့် အစေအပါးများစွာ ပါလာသည်ဟု ဂျာမနီလူပြိန်းကြိုက်သတင်းစာ  Bild တွင်ဖော်ပြထားသည်။ ၎င်း၏ ကြင်ယာတော် လေးဦး စလုံး ပါ/ မပါကိုတော့ မသိရဟုဆိုသည်။

ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကြောင့်  ဟိုတယ်နှင့် ဧည့်ဂေဟာများကို ပိတ်ထားရန် ညွှန်ကြားထားသော်လည်း ဧည့်သည်တော်များမှာ တစ်ဖွဲ့တည်းဖြစ်သည့်အတွက်  ခြွင်းချက်အနေဖြင့် Grand Hotel Sonnenbichl တွင် တည်းခိုခွင့်ပြုခြင်းဖြစ်ကြောင်း ဒေသကောင်စီ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောသည်။

သို့သော်လည်း အခြွေအရံ (၁၁၉) ယောက်ကို COVID-19 ကူးစက်ခံထားရကြောင်း သံသယရှိသည့်အတွက် ထိုင်းနိုင်ငံသို့ ပြန်ပို့လိုက်သည်ဟုလည်း ဆိုကြသည်။

ကိုရိုနာဗိုင်းရပ်စ်ကပ်ဆိုက်ချိန်၌ ထိုင်းဘုရင် ဝဇီရာလောင်ကွန်း ထိုသို့ အနောက်နိုင်ငံ၌ သီးခြားခွဲ၍နေထိုင်မှုအပေါ် ထိုင်းပြည်သူများက စိတ်ဆိုးဒေါသထွက်လျက်ရှိပြီး တော်ဝင်မိသားစုကို အသရေမဖျက်ရ ဆိုသည့် ဥပေဒကိုချိုးဖောက်ကာ အွန်လိုင်း၌ ပြစ်တင်ဝေဖန်ခဲ့ကြသည်။

၎င်းဥပေဒအရ တော်ဝင်မိသားစုကို ဝေဖန်ပုတ်ခတ်ပြောဆိုသူအား ထောင်ဒဏ် (၁၅) နှစ်အထိ ပြစ်ဒဏ်ချမှတ်နိုင်သည်။

ထိုင်းနိုင်ငံတစ်ဝန်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့နေချိန် ဘုရင်က ဂျာမနီ၌ ဇိမ်ကျကျအပန်းဖြေနေသည်ကို မကျေနပ်သည့် တက်ကြွလှုပ်ရှားသူတစ်ဦးက  “ဘာကြောင့် ဘုရင်ကို လိုအပ်နေဦးမှာလဲ” ဆိုသည့်စာသားကို ဟက်ရှ်တက် (#) ဖြင့် တွစ်တာ၌တင်ခဲ့ရာ (၂၄) နာရီအတွင်း အကြိမ်ရေ (၁.၂) ပြန်လည်မျှဝေရေးသားခဲ့ကြကာ  လူအများက ထောက်ခံခဲ့ကြသည်။

ထိုင်းနိုင်ငံတွင် ယနေ့အချိန်ထိ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ( ၁၄၀၀)နီးပါးရှိပြီး သေဆုံးသူ ( ၇ ) ဦး ရှိပြီဖြစ်သည်။

ထိုင်းဘုရင် ဝဇီရာလောင်ကွန်းသည် မတ်လအစောပိုင်းကစ၍ ဆွစ်ဇာလန်မှ ဂျာမနီရှိ နေရာအနှံ့အပြားကို လေယာဉ်ခရီးစဉ်ဖြင့် သွားလာနေခဲ့သည်ဟု ပြင်သစ်၌နေထိုင်သည့် ပြည်ပြေး တက်ကြွလှုပ်ရှားသူ Somsak Jeamteerasakul က Facebook ၌ ရေးသားခဲ့သည်။

ထိုင်းဘုရင်သည် ဖေဖော်ဝါရီလကတည်းက ၎င်းနိုင်ငံတွင် အများပြည်သူရှေ့မှောက် ထွက်လာခဲ့ခြင်းမရှိကြောင်း The Times သတင်းစာ၌ ဖော်ပြထားသည်။

မဟာဝဇီရာလောင်ကွန်းသည် ၎င်း၏ဖခမည်းတော် ဘူမိဘော နတ်ရွာစံပြီးနောက်ပိုင်း (၂၀၁၆) ကစ၍ ထိုင်းနိုင်ငံကို အုပ်ချုပ်ခဲ့သည်။

ထိုင်းနိုင်ငံမှာ တော်ဝင်မိသားစုကိုအသရေဖျက်လျှင်အရေးယူသည့်ဥပဒေလည်း ရှိနေခြင်းကြောင့် ဘုရင်ဝဇီရာလောင်ကွန်းအား ပြည်သူမည်မျှနှစ်သက်ကြောင်း မတိုင်းတာနိုင်သော်လည်း နိုင်ငံကို နှစ်ပေါင်း (၇၀)  ကျော်အုပ်ချုပ်ခဲ့သည့် ဖခမည်းတော် ဘူမိဘောလောက် ၎င်းကို မနှစ်သက်ကြသည်မှာ အသေအချာပင်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required