ကိုလံဘီယာအကျဉ်းထောင်မှာ ကိုရိုနာဗိုင်းရပ်စ် စိုးရိမ်မှုများမှ အဓိကရုဏ်းဖြစ်ပြီး လူ ၂၃ ဦး သေဆုံး

ကိုလံဘီယာအကျဉ်းထောင်မှာ ကိုရိုနာဗိုင်းရပ်စ် စိုးရိမ်မှုများမှ အဓိကရုဏ်းဖြစ်ပြီး လူ ၂၃ ဦး သေဆုံး

မတ်လ ၂၃။        ။ ကိုလံဘီယာနိုင်ငံ မြို့တော် ဘိုဂိုတာက လူပြည့်ကျပ်တဲ့ အကျဉ်းထောင်မှာ ကိုရိုနာဗိုင်းရပ်စ်အရေး စိုးရိမ်ပူပန်မှုတွေကြောင့် တင်းမာမှုတွေ မြင့်တက်နေရာကနေ အဓိကရုဏ်းဖြစ်ပြီး တနင်္ဂနွေနေ့မှာ လူ ၂၃ ဦး သေဆုံးခဲ့ပါတယ်။

လာမိုဒီလို အကျဉ်းထောင်မှာ ဖြစ်ပွားတဲ့ ဒီ အဓိကရုဏ်းအတွင်း သေဆုံးသူဦးရေကို တရားရေးဝန်ကြီး အမျိုးသမီးတစ်ဦးဖြစ်တဲ့ မာဂါရီတာကာဘဲလ်လိုက အတည်ပြုရင်း ‘စိတ်မကောင်း ဝမ်းနည်းဖွယ်ရာ နေ့တစ်နေ့’ပါပဲလို့ ပြောဆိုပါတယ်။

နိုင်ငံအနှံ့က အကျဉ်းထောင် ၁၃ ခုမှာ အနှောင့်အယှက်ပေးနေတဲ့ အကျဉ်းသားတွေနဲ့ ချိတ်ဆက်စီစဉ်မှု တစ်စိတ်တစ်ပိုင်းအဖြစ် လူအုပ်လိုက် ထောင်ဖောက်မှုကြီး ကျုးလွန်ဖို့ ကြိုးစားရာက အဓိကရုဏ်း ဖြစ်ပွားတာဖြစ်ကြောင်း ကာဘဲလိုက ပြောပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ကပ်ဘေးကို ရင်ဆိုင်ဖို့ ပြင်ဆင်ထားခြင်းမရှိတဲ့ အကျဉ်းထောင်ထဲက ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အခြေအနေကြောင့် ခုလို အဓိကရုဏ်း ဖြစ်ပွားပေါ်ပေါက်တာဖြစ်တယ်လို့ အခွင့်အရေးတက်ကြွလှုပ်ရှားတဲ့ အဖွဲ့တွေရဲ့ စွပ်စွဲချက်တွေကို ဝန်ကြီးက ငြင်းဆန်ပါတယ်။

“ထွက်ပြေးလောက်အောင် ကြံစည်တာမျိုး၊ ခုလို အဓိကရုဏ်းဖြစ်လောက်စရာမျိုး ကျန်းမာရေးနဲ့ သက်ဆိုင်တဲ့ ပြဿနာ မရှိဘူး။”လို့ ကာဘဲလ်လိုက ပြောပါတယ်။

“ဒီကနေ့အထိ တစ်ဦးတစ်ယောက်မှ ကိုရိုနာဗိုင်းရပ်စ် ကူးစက်တာ မရှိဘူး။ အကျဉ်းသားတွေထဲကရော၊ အာဏာပိုင်တွေ၊ ထောင်ဝန်ထမ်းတွေမှာရော ကူးစက်တာ မရှိသေးဘူး။”လို့ ၎င်းက ပြောပါတယ်။

အခု အကျဉ်းထောင် အဓိကရုဏ်း ဖြစ်ပွားချိန်ဟာ လူဦးရေ ခုနစ်သန်းရှိရာ ဘိုဂိုတာမြို့တော်မှာ ကိုရိုနာဗိုင်းရပ်စ်အရေး ကိုင်တွယ်ဖြေရှင်းနိုင်ရေး အသင့်ရှိမရှိ စမ်းသပ်ပြီး လူအသွားအလာနဲ့ အဝင်အထွက်တွေ ပိတ်ထားတဲ့အချိန်မှာ ဖြစ်ပွားပေါ်ပေါက်တာ ဖြစ်ပါတယ်။

ဒီ အဓိကရုဏ်းအတွင်း အကျဉ်းသား ၈၃ ဦးနဲ့ အစောင့် ခုနစ်ဦး ဒဏ်ရာရပြီး ဒဏ်ရာရ အကျဉ်းသား တစ်ဝက်နီးပါးကို ဆေးရုံတင်ထားပြီး အစောင့်နှစ်ဦးရဲ့ ဒဏ်ရာအခြေအနေက စိုးရိမ်ရတယ်လို့ ကာဘဲလ်လိုက ပြောပါတယ်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required