နိုင်ငံတော်အကြည်ညိုပျက်စေမှုနှင့် ထောင်ကျနေသည့် ပြည်ခိုင်ဖြိုးအမတ် ရမည်းသင်းခရိုင်ဆေးရုံတွင် ဆေးကုသမှုခံယူနေရ

နိုင်ငံတော်အကြည်ညိုပျက်စေမှုနှင့် ထောင်ကျနေသည့် ပြည်ခိုင်ဖြိုးအမတ် ရမည်းသင်းခရိုင်ဆေးရုံတွင် ဆေးကုသမှုခံယူနေရ
Photo Credit - ဉာဏ်လှိုင်

မတ်လ ၁၆။                ။ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ)ဖြင့် ထောင်ဒဏ် ၆လ ချမှတ်ခံထားရသည့် ပျော်ဘွယ်မြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားဦးတင်စိုးသည် နှလုံးသွေးကြောကျဉ်း၊ ဆီးချိုရော ဂါများ ခံစားနေရသည့်အ တွက် ရမည်းသင်းခရိုင်ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေရသည်။

လူထုတွေ့ဆုံပွဲတစ်ခုမှာ အစိုးရ၊ လွှတ်တော်နှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို မဟုတ်မမှန် ပြောကြားခဲ့သည်ဟုဆိုကာ ပျော်ဘွယ်မဲဆန္ဒနယ်အမှတ်(၁) တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးတင်စိုး ကို ပျော်ဘွယ်မြို့နယ် တရားရုံးက မတ်လ ၁၃ ရက်က ထောင်ဒဏ်ခြောက်လ  ချမှတ်လိုက်ခြင်းဖြစ်သည်။

ရမည်းသင်းခရိုင်ဆေးရုံ ဖျားနာဆောင် တာဝန်ခံ ဒေါက်တာစိုးထွဋ်ခေါင် က “သူက နှလုံးသွေးကြောကျဉ်း၊ ဆီးချို၊ သွေးတိုးရောဂါတွေ ခံစားနေရတယ်။ သွေးလည်း တိုးနေတော့ သွေးပေါင်  ချိန်ရတာတွေရှိတယ်။ ဆီးချို လည်းရှိတော့ စစ်စစ်ပေးနေရတယ်။ ဘယ်လောက်ကုသရမယ်လို့တော့ ပြောလို့မရဘူး။ အဆင်ပြေရင် ဆေးရုံက ဆင်းရမှာပါ” ဟု မဇ္ဈိမသို့ ပြောသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ပျော်ဘွယ်မြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးတင်စိုးသည် ၂၀၁၈ ခုနှစ် နိုဝင်ဘာလအတွင်း ကြည်တည်ကျေးရွာမှာ ပြုလုပ်သည့် လူထုတွေ့ဆုံပွဲမှာ အစိုးရ၊ လွှတ် တော်နှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်တို့ကို ပုတ်ခတ်ပြောဆိုသည့် ဗီဒီယိုဖိုင်ကို ရမည်းသင်းခရိုင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဥက္ကဋ္ဌ ဦးညီညီလွင်က တရားလိုပြုလုပ်ပြီး နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ)ဖြင့် တိုင်တန်းခဲ့တာလည်း ဖြစ်သည်။

ဦးတင်စိုးမှာ ပြစ်မှုထင်ရှားသော်လည်း အသက်အရွယ်နှင့် ကျန်းမာရေးအခြေအနေအရ ပျော်ဘွယ်မြို့နယ် တရားရုံးက ထောင်ဒဏ် ၆လ ချမှတ်ခဲ့ခြင်းဖြစ်ကြောင်းဖြစ်ကြောင်း ရမည်းသင်းခရိုင် အမျိုးသားဒီမိုက ရေစီအဖွဲ့ ချုပ်ပါတီ ဥက္ကဋ္ဌ ဦးညီညီလွင် ကပြောသည်။

“ ရမည်းသင်းခရိုင်ပြည်သူ့ဆေးရုံမှာ တက်နေရတယ်လို့တော့ ကြားပါတယ်။အမှုရင်နေရတဲ့အချိန်တုန်းကတော့ ကျေးရွာမီးလင်းရေးတွေ သွားတာတွေတော့ရှိတယ်။ ဖွင့်ပွဲတွေတက်တာ တော့ရှိတယ်။” ဟု ဦးညီညီလွင် ကပြောသည်။

နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ၅၀၅(ခ)မှာ ပြစ်မှုထင်ရှားစီရင်ခြင်းခံရပါက ထောင်ဒဏ်နှစ် နှစ်အထိဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးကို ဖြစ်စေချမှတ်နိုင်သည်။

ဦးတင်စိုးသည် ရမည်းသင်းခရိုင်ပြည်သူ့ဆေးရုံကြီးတွင် မတ်လ ၁၄ရက်ကစတင်ပြီး တက်ရောက်ကုသနေရကြောင်း သိရသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly