ကာလုံကိုပြင်ပြီး တပ်မတော်၏ ပါဝင်မှုကို ၁၀ရာခိုင်နှုန်း စတင်လျှော့ချမည့် ဥပဒေကြမ်းတင်သွင်း

ကာလုံကိုပြင်ပြီး တပ်မတော်၏ ပါဝင်မှုကို ၁၀ရာခိုင်နှုန်း စတင်လျှော့ချမည့် ဥပဒေကြမ်းတင်သွင်း

နေပြည်တော်၊ ဇန်နဝါရီ ၂၇၊ ၂၀၂၀။                  ။ကာလုံဖွဲ့စည်းပုံကိုပြင်ပြီး လွှတ်တော်တွင် တပ်မတော်၏ ပါဝင်မှု ကို ၁၀ရာခိုင်နှုန်းမှ စတင်လျှော့ချမည့် ၂၀၀၈ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းကို ဖွဲ့စည်းပုံပြင်ဆင်ရေး ပူးပေါင်းကော်မတီက ပြည်ထောင်စုလွှတ်တော်ထံ တင်သွင်းထားကြောင်း သိရသည်။

ဇန်နဝါရီ ၂၇ ရက်နေ့က ကျင်းပပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ဖွဲ့စည်းပုံဥပဒေပြင်ဆင်ရေး ဥပဒေမူကြမ်းနှစ်ခုကို တင်သွင်းထားကြောင်း လွှတ်တော်ကိုယ်စားလှယ်များကို အသိပေးခဲ့ခြင်းဖြစ်သည်။

လက်ရှိဥပဒေ၏ ကာလုံဖွဲ့စည်းပုံမှ နယ်စပ်ရေးရာဝန်ကြီးကိုထုတ်ပယ်ပြီး အမျိုးသားနှင့်ပြည်သူ့လွှတ်တော်တို့၏ ဒုတိယဥက္ကဋ္ဌများကို ထည့်သွင်းဖွဲ့စည်းရန် ဥပဒေကြမ်းတွင် ပြင်ဆင်ရေးသားထားသည်။

၎င်းအပြင် လက်ရှိဖွဲ့စည်းပုံအရ လွှတ်တော်တွင် ပါဝင်နေသည့် တပ်မတော်သားပါဝင်မှု ၂၅ရာခိုင်နှုန်းကို လာမည့် တတိယအကြိမ်လွှတ်တော်တွင် ၁၅ရာခိုင်နှုန်းသာ ပါဝင်စေပြီး စတုတ္တအကြိမ်လွှတ်တော်တွင် ၁၀ရာခိုင်နှုန်းနှင့် ပဉ္စမအကြိမ်တွင် ငါးရာခိုင်နှုန်းထက်မပိုသော တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ရွေးချယ်ပေးသည့် တပ်မတော်သား ကိုယ်စားလှယ်များ ပါဝင်ရမည်ဟု ပြင်ဆင်ထားခြင်းဖြစ်သည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ၃၅၁ ဦးက လက်မှတ်ရေးထိုး တင်ပြလာသော ဥပဒေမူကြမ်းများနှင့် စပ်လျဉ်း၍ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)ပြင်ဆင်ရေး ပူးပေါင်းကော်မတီ ဥက္ကဋ္ဌ ဦးထွန်းအောင်(ခ) ဦးထွန်းထွန်းဟိန်က လွှတ်တော်သို့ အသိပေးတင်ပြခဲ့ခြင်းဖြစ်သည်။

လက်ရှိအချိန်တွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီနှင့် တပ်မတော်သားကိုယ်စားလှယ်များ တင်သွင်းထားသော ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်း ၅ ခုရှိပြီဖြစ်ပြီး ယင်းဥပဒေမူကြမ်းများကို ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ပူးပေါင်းကော်မတီ (၄၅ ဦးကော်မတီ)က တင်းသွင်းမည့် ဥပဒေမူကြမ်းများနှင့်ပူးပေါင်း၍ လေ့လာစိစစ်ရေးကော်မရှင်က လေ့လာသုံးသပ်မှု ပြုလုပ်သွားမည် ဖြစ်သည်။

လွှတ်တော်အတွင်း ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ဆောင်ရွက်မှုများကို ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၂၉ ရက်တွင် မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၄)မှ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် ဦးအောင် ကြည်ညွန့် တင်သွင်းခဲ့သော ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးလုပ်ငန်းများ ဆောလျင်စွာ ဆောင်ရွက်နိုင်ရေးအတွက် ပြင်ဆင်ရေး ပူးပေါင်းကော်မတီ တစ်ရပ် ဖွဲ့စည်းရန် အဆိုမှ စတင်လာခဲ့ခြင်း ဖြစ်သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပတ်သက်၍ ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်ရန် အဆိုပြုချက်ပေါင်း ၃၇၆၅ ချက် ပါဝင်သည့် အစီရင်ခံစာကို ပြည်ထောင်စုလွှတ်တော်က အတည်ပြုထားပြီး ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ပူး ပေါင်းကော်မတီ၏ ဆုံးဖြတ်ချက်နှင့် ဆောင်ရွက်ချက်များအပေါ် ကန့်ကွက်ကြောင်း တပ်မတော်သားကိုယ်စားလှယ်များက ပြောကြားခဲ့သည်။

ပူးပေါင်းကော်မတီ စတင်ဖွဲ့စည်းစဉ်က ပြည်ထောင်စုလွှတ်တော်အတွင်းရှိ ပါတီအစုအဖွဲ့အလိုက် ၄၅ ဦးဖြင့် ဖွဲ့စည်းခဲ့သော်လည်း နှုတ်ထွက်မှုများရှိခဲ့သဖြင့် စုစုပေါင်း ၄၀ ဦးသာ ကျန်ရှိတော့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required