နိုင်ငံ့ဝန်ထမ်းတွေကို အခွန်ကင်းလွတ်ခွင့်ဖြင့် မော်တော်ယာဉ်တင်သွင်းခွင့် ပြုခြင်းက ဝင်ငွေရလမ်း မပြနိုင်သူတွေအတွက် ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဥပအဒေနဲ့ငြိစွန်းနိုင်

နိုင်ငံ့ဝန်ထမ်းတွေကို အခွန်ကင်းလွတ်ခွင့်ဖြင့် မော်တော်ယာဉ်တင်သွင်းခွင့် ပြုခြင်းက ဝင်ငွေရလမ်း မပြနိုင်သူတွေအတွက် ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဥပအဒေနဲ့ငြိစွန်းနိုင်
ဓာတ်ပုံ  - ချမ်းငြိမ်း

ဇန်နဝါရီလ ၆ရက်။               ။ ညွှန်ကြားရေးမှူးချုပ်နှင့်အထက် နိုင်ငံဝန်ထမ်းတွေကို မော်တော်ယာဉ်တင်သွင်းရာမှာ အခွင်ကင်းလွတ်ခွင့်ပြုခြင်းက ဝင်ငွေရလမ်းဖော်ပြနိုင်ခြင်းမရှိသူတွေအတွက် ငွေကြေးခဝါကျမှုတိုက် ဖျက်ရေးဥပဒေနှင့် ငြိစွန်းနိုင် ကြောင်း မြန်မာနိုင်ငံမော်တော်ယာဉ်ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေးလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဒေါက်တာစိုးထွန်းက သတိပေးပြောဆိုခဲ့သည်။

NLD အစိုးရအနေဖြင့် ညွှန်ချုပ်နှင့်အထက်အဆင့်များကိုပထမအဆင့်အနေဖြင့်ကားပါမစ်များကိုအခွန်ကင်းလွတ်ခွင့်ဖြင့် ခွင့်ပြုပေးမှာဖြစ်ပြီးဒုတိယအအဆင့်အနေဖြင့်လုပ်သက် ၂၅နှစ်အထက် နိုင်ငံ့ဝန်ထမ်းကောင်းတံဆိပ် ဆုရရှိသူများကိုခွင့်ပြုပေးသွားမည်ဖြစ်ကြောင်းဇန်နဝါရီ ၂ ရက်နေ့ ရက်စွဲဖြင့်ထုတ်ပြန်ခဲ့သည်။

“ဝန်ထမ်းတွေကိုအရစ်ကျရောင်းလို့မရဘူး။ ဝန်ထမ်းလစာကိုသုံးဆပြရတယ်။ ကားတစ်စီးကအရစ်ကျ တစ်လငါးသိန်းသွင်းမယ်၊ သိန်း ၃၀၀ကားကိုကနဦး ၂၀၊၃၀ ရာခိုင်နှုန်းသွင်းပြီးကျန်တာကိုသုံးနှစ်နဲ့ဆိုရင် တစ်လကို လေးသိန်းခွဲ၊ ငါးသိန်းသွင်းရမှာ။ အရစ်ကျ သိန်း ၃၀၀တန်ကားဝယ်မယ်ဆိုရင် ဝန်ထမ်းကဝယ်လို့မရဘူး။ ညွှန်ချုပ်ပဲဖြစ်ဖြစ် တပ်ကဗိုလ်မှုးချုပ်ပဲလာလာဝယ်လို့မရဘူး။ ဘာဖြစ်လို့လဲဆိုတော့ လစာသုံးဆပြရတာ။ တစ်လ နှစ်သိန်းတန်သွင်းရမယ့်ကားကမရှိဘူး။အဓိက အဂတိနဲ့စာရင် ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဥပဒေဆိုတာရှိတယ်။ ဝင်ငွေရလမ်းမပြနိုင်ရင် အားလုံးကငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေနဲ့ အရေးယူလို့ ရတယ် ” ဟုဒေါက်တာစိုးထွန်းကပြောသည်။

ကားတင်သွင်းခွင့်လျောက်ထားမယ့်နိုင်ငံ့ဝန်ထမ်းအနေနဲ့ တင်သွင်းလိုသည့်ကားတန်ဖိုးကို ဝင်ငွေရလမ်းဖော်ပြနိုင်တဲ့ ဝင်ငွေခွန်ဆောင်ထားရမှာဖြစ်ပါတယ်။ ဝင်ငွေရလမ်းမပြနိုင်ရင်တော့ ငွေကြေးခဝါချမှုတိုက်ဖျက်ရေး ဥပဒေနဲ့ အရေးယူလို့ရနိုင်တယ်ဟု တရားလွှတ်တော် ရှေ့နေဦးခင်မောင်ဇော်ကပြောသည် ။

NLD ပါတီ၏ ပြောရေးဆိုခွင့်ရှိသူဒေါက်တာမျိုးညွန့်က “အချက်အလက်သေသေချာချာမသိဘဲနဲ့ ဒီကိစ္စကိုမပြောလိုပါဘူး။နိုင်ငံတစ်နိုင်ငံလုံးရဲ့ အရေးကိစ္စမှန်ရင် ဘယ်လိုလုပ်ငန်းပဲလုပ်လုပ် ရိုက်ခတ်မှုတွေရှိတတ် ပါတယ်။ ကျွန်တော်တို့က အမြဲတမ်းပေါ့ နစ်နာမှုအနည်းဆုံးနဲ့အကျိုးထိရောက်မှုအများဆုံးဖြစ်အောင် ချိန်နေရတာပါပဲ” ဟုပြောသည်။

အခွန်ကင်းလွတ်ခွင့်နှင့် ကားတင်သွင်းပါကတိုင်းပြည်အတွက် အခွန်နစ်နာမှုကိစ္စကိုလည်းထည့်သွင်းစဉ်းစားရမှာဖြစ်ပြီး နိုင်ငံ့ဝန်ထမ်းများကိုနေစရာအိမ်ခန်းများဆောက်လုပ်ပေးခြင်း၊ ကျန်းမာရေး၊ လူမှုဖူလုံရေးကိစ္စများ ဆောင်ရွက်သင့်ပြီးကားပါမစ်ပေးခြင်းက ကလေးဆန်ကြောင်း ဒေါက်တာ စိုးထွန်းကပြောသည်။

“ညွှန်ချုပ်နဲ့အထက်သူတွေကတစ်နည်းနဲ့တစ်နည်းငွေရလမ်းများတဲ့သူတွေချည်းပဲ။ ဒါကအခွင့်ထူးခံလူတန်းစားတစ်ရပ်ကိုမွေးထုတ်ပေးသလိုမျိုးဖြစ်သွားတယ်။ ဒါကမဖြစ်သင့်ဘူး။ ဒီပါမစ်တွေရသွားရင် ပြန်ရောင်းကြ မှာပဲလို့ ကျွန်တော်မြင်တယ်” ဟု NLDပါတီ ဗဟိုသုတေသနအဖွဲ့ အတွင်းရေးမှူးဟောင်းဦးမျိုးရန်နောင်သိမ်းကပြောသည်။

လက်ရှိတွင် အခွန်ကင်းလွတ်ခွင့်ရသည့် ကားပါမစ်တစ်စောင်လျှင် ကားဈေးကွက်အတွင်းကျပ်သိန်း ၅၀၀မှ၊ ၇၀၀ကြားဈေးပေါက်နေကြောင်းကားတင်သွင်းရောင်းချသူများနှင့် ကားအရောင်းအဝယ်ပြုလုပ်နေသူများ ထံကသိရသည်။အစိုးရမှ အခွန်ကင်းလွတ်ခွင့်ပြုမည့် ညွှန်ကြားရေးမှူးချုပ်နှင့်အထက်အရာရှိများ၊ လုပ်သက်၂၅နှစ်အထက် နိုင်ငံ့ဝန်ထမ်းကောင်းတံဆိပ်ဆုရရှိသူ၏ပါမစ်အရေအတွက်မှာ ၅၀၀ မှ ၁၀၀၀ ကြားရှိကြောင်းသိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required