FMI Cityတွင် တရုတ် ၅ ဦးကို နေအိမ်ငှားရမ်းထားသည့် အိမ်ရှင်အား ဥပဒေအရ အရေးယူဆောင်ရွက်ထား

FMI Cityတွင် တရုတ် ၅ ဦးကို နေအိမ်ငှားရမ်းထားသည့် အိမ်ရှင်အား ဥပဒေအရ အရေးယူဆောင်ရွက်ထား

ရန်ကုန် ၊  ဒီဇင်ဘာ ၁၁ရက် ။              ။ လှိုင်သာယာမြို့နယ် အမှတ်၄ရပ်ကွက်ရှိ FMI City တွင် ပြီးခဲ့သည့် ဒီဇင်ဘာ၇ရက်နေ့က ရဲတပ်ဖွဲ့ ၂ ဦးနှင့် အရပ်သား၄ဦးအား ဒဏ်ရာရအောင် ရန်ပြုတိုက်ခိုက်ခဲသည့် တရုတ်နိုင်ငံသား ၅ဦးအား နေအိမ်ငှားရမ်းထားသည့်အိမ်ရှင်ကို ဥပဒေအရ အရေးယူဆောင်ရွက်ထားကြောင်း ရန်ကုန်တိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းမြစ်ဌာနဝန်ကြီး ဒေါ်မိုးမိုးစုကြည်က ပြောသည်။

"တရားဝင်နေထိုင်ခွင့်ရထားတယ်ဆိုတာထက် ဗီဇာနဲ့လာတာတော့ဟုတ်တယ်။ နောက် ပတ်စပို့လည်းတရားဝင်ကိုင်ဆောင်ပါတယ်။ ဒါပေမယ့်လို့ ဖောင်စီတိုင်ကြားခြင်းမရှိတဲ့အတွက် အမတို့ အိမ်ရှင်ကို ဖောင်စီတိုင်ကြားခြင်းမရှိတဲ့အပေါ်မှာ ဥပဒေအရ အရေးယူမှုတွေဆောင်ရွက်ထားပါတယ်"ဟု ၎င်းကဆိုသည်။

ဒီဇင်ဘာ ၇ရက် ည ၇နာရီဝန်းကျင်ခန့်တွင် တရုတ်နိုင်ငံသား၅ဦးသည် ကားနှစ်စီးကို တစ်ဖက်တစ်ချက်စီတွင်ယှဉ်ရပ်ထားခြင်းကြောင့် တခြားကားများသည် လမ်းထဲသို့ ဝင်၍ရရန်အတွက် ကားအားဖယ်ပေးရန် ပြောရာမှ စတင်ခဲ့ခြင်းဖြစ်သည်ဟု မျက်မြင်သက်သေတစ်ဦး၏ ပြောပြချက်အရသိရသည်။

မျက်မြင်သက်သေ အန်တီထက်က "အုပ်ချုပ်ရေးမှူးပါတယ်။ HOAအဖွဲ့က ရာအိမ်မှူးတွေဘာတွေပါတယ်။ ရဲနှစ်ယောက်ပါတယ်။ ရပ်ကွက်သူ ရပ်ကွက်သား၅ယောက်လောက်ပါတယ်။ ဒီဥစ္စာကိုရွှေ့ပေးဖို့အတွက်ကို ခများတို့က မရဘူးဆိုရင် ခများတို့ဘယ်လိုနေနေထိုင်နေတာလဲ။  ပတ်စပို့ရှိလား စစ်မယ်ဆေးမယ်ဆိုပြီး သူတို့အိမ်ထဲကိုဝင်တာမဟုတ်ဘူး အဝကိုပဲဝင်ပြီး သူတို့ကိုသွားခေါ်တော့ အဲ့အဝမှာပဲ ရဲကို သူက အစစ်မခံနိုင်ဘူး။ မလိုက်နိုင်ဘူး။ သူတို့နေတာကြာပြီဘာညာ ပြောဆိုပြီးတော့ ရဲ နယ်ထိန်းကို သူတို့ဘက်ကစပြီး လည်ပင်းနဲ့ ပါးနဲ့အဆက်လိုနေရာကို သူတို့အရင်ရိုက်လည်း ရိုက်လိုက်ရော အဲ့ကနေ အကုန်လုံးက ရဲကို ဝိုင်းကာရင်း ဘေးကလူတွေကဝင်ဆွဲ သူတို့ကိုတွန်းလုပ်တော့ အဲ့ဘက်က တရုတ်ကျန်တဲ့လူတွေက သံတုတ်တွေနဲ့ပဲ နောက်ချိန်းကြိုးတွေပါတယ်ပြောတယ်"ဟု ဆိုသည်။

ထိုည၌ပင် တရုတ်နိုင်ငံသား ၅ဦးအား လှိုင်သာယာမြို့မ ရဲစခန်းတွင် ရာဇသတ်ကြီးပုဒ်မ ၃၃၂ (ပြည်သူ့ဝန်ထမ်းအား တာဝန်ဝတ္တရား ဆောင်ရွက်ခြင်းမှ ဟန့်တားနာကျင်စေမှု)၊ ပုဒ်မ ၁၁၄ (အားပေးကူညီမှု)တို့ဖြင့် အမှုဖွင့်တိုင်ကြားခဲ့၍ ၅ဦးစလုံး အာမခံဖြင့် ပြန်လည်လွတ်မြောက်သွားသည်ဟု သိရသည်။

အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်မိုးက"အာမခံပေးတာက ဒါကတော့ ရဲရဲ့ လုပ်ငန်းအရ အာမခံပေးလို့ရတဲ့အမှုဆိုရင် အာမခံပေးမယ်။ အာမခံပေးလို့မရတဲ့အမှုဆိုရင်တော့ အာမခံမပေးပါဘူး။ သို့သော် ဒီအနေအထားမှာ စွဲဆိုထားတဲ့ပုဒ်မက အာမခံပေးလို့ရတဲ့ဟာဖြစ်နေလို့ အာမခံပေးတာဖြစ်ပါလိမ့်မယ်" ဟု ပြောသည်။

ရန်ပြုတိုက်ခိုက်မှုကြောင့် ရဲတပ်ဖွဲ့ဝင်တစ်ဦးသည် ခေါင်းကွဲသွားခဲ့ကာ ကျန်တစ်ဦးမှာ လက်မောင်းထိသွားပြီး ရာအိမ်မှူးအချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြသည်။

ယခုလက်ရှိတွင် အခင်းဖြစ်ပွားရာအိမ်အား သော့ခတ်ပိတ်သိမ်းထားကာ တရုတ်နိုင်ငံသား၅ဦးလည်း ပြောင်းရွှေ့သွားကြသည်ဟု သိရသည်။

  Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/  

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required