စစ်တပ်နှင့် ရဲတပ်ဖွဲ့၏ ထောက်ခံမှုကို ဆုံးရှုံးခဲ့ရပြီးနောက် ဘိုလီးဗီးယားသမ္မတ ရာထူးမှ နုတ်ထွက်

စစ်တပ်နှင့် ရဲတပ်ဖွဲ့၏ ထောက်ခံမှုကို ဆုံးရှုံးခဲ့ရပြီးနောက် ဘိုလီးဗီးယားသမ္မတ ရာထူးမှ နုတ်ထွက်

နိုဝင်ဘာ  ၁၁ ။              ။ ဘိုလီးဗီးယားနိုင်ငံတွင် အငြင်းပွား ရွေးကောက်ပွဲနှင့်ပတ်သက်၍ သီတင်းပတ်သုံးပတ်ကြာ ဆန္ဒပြပွဲများ အကြီးအကျယ် ပေါ်ပေါက်ခဲ့ပြီးနောက် ယခုအခါ သမ္မတ အီဗို မိုရာလက်စ်သည် ရာထူးမှ နုတ်ထွက်ကြောင်း နိုဝင်ဘာ ၁၀ ရက်က ကြေညာသွားခဲ့သည်။

ပေါ်ပေါက်ထားခဲ့သော ဆန္ဒပြပွဲများအတွင်း တခါတရံ အကြမ်းဖက်အသွင် ဆောင်မှုများလည်း ရှိခဲ့သကဲ့သို့ ယခုအခါ စစ်တပ်နှင့် ရဲတပ်ဖွဲ့တို့ကလည်း ၎င်းအပေါ် ဆက်လက်ထောက်ခံခြင်း မရှိတော့သည့်နောက် ယခုကဲ့သို့ သမ္မတ မိုရာလက်စ် နုတ်ထွက်ပေးလိုက်ရခြင်း ဖြစ်သည်။

“ သမ္မတ ရာထူးကနေ ကျွန်တော် နုတ်ထွက်ပါပြီ” ဟု မိုရာလက်စ်သည် ရုပ်သံ မိန့်ခွန်းတစ်ရပ်တွင် ပြောသည်။

ယင်းသည် အဆိုပါ လက်တင်အမေရိက နိုင်ငံတွင် ဖြစ်ပေါ်နေခဲ့သော မတည်မငြိမ်ဖြစ်မှုများအတွင်း နိုင်ငံတွင် ၁၄ နှစ်နီးပါးကြာ အာဏာရနေခဲ့သည့် မိုရာလက်စ် နုတ်ထွက်ပေးလိုက်ရခြင်းလည်း ဖြစ်သည်။

ယခုကဲ့သို့ သမ္မတ မိုရာလက်စ် နုတ်ထွက်ကြောင်း ကြေညာချက် ထွက်ရှိပြီးနောက် လာပါ့ဇ်မြို့ လမ်းမများပေါ်တွင် အတိုက်အခံအုပ်စုများ အကြီးအကျယ် စုဝေး အောင်ပွဲခံခဲ့ကြသည်။

သို့သော် ကျူးဘား၊ ဗင်နီဇွဲလား တို့ကဲ့သို့ မဟာမိတ်များကမူ ယခုကဲ့သို့ သမ္မတ မိုရာလက်စ် နုတ်ထွက်ပေးလိုက်ရမှုကို အာဏာသိမ်းမှုအဖြစ် ပြစ်တင်ရှုတ်ချသွားခဲ့ကြသည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required