ရှမ်းတပ်မတော် (SSPP)ကို အစိုးရတပ်မတော်က ထိုးစစ်ဆင်မှု မရပ်သေးဟုဆို

ရှမ်းတပ်မတော် (SSPP)ကို အစိုးရတပ်မတော်က ထိုးစစ်ဆင်မှု မရပ်သေးဟုဆို

ချင်းမိုင်၊ အောက်တိုဘာ ၁၉ ။           ။ ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော်(SSPP/SSA) ဌာနချုပ် ဝမ်ဟိုင်းဌာနချုပ်အား အစိုးရ စစ်တပ်ဘက်မှ စစ်ရေးအရ ထိုးဖောက်တိုက်ခိုက်နေပြီး ထိုးစစ်ဆင်မှု ရန်တန့်ခြင်းမရှိသေးဟု SSPP/SSA က ထုတ်ပြန်လိုက်သည်။

ပြီးခဲ့သည့် ၁၅ ရက် ညနေ ၅ နာရီချိန်တွင် အဆင်ပြေစွာ ညှိနှိုင်းရေးကို ဦးစားပေးပြီး ဝမ်ဟိုင်းဌာနချုပ် အနီး တာဆမ်ပူး ကူးတို့ဆိပ်ကို ဖယ်ပေးလိုက်သော်လည်း အောက်တိုဘာ ၁၈ရက်ထိ တပ်မတော်က ထိုးစစ်ဆင်မှု ရပ်ဆိုင်းသွားခြင်း မရှိဘဲ ဆက်လက် တိုက်ခိုက်နေသည်ဟု အောက်တိုဘာလ ၁၈ ရက်က ထုတ်ပြန်ထားသည်။

အောက်တိုဘာလ ၁၈ ရက် နံနက် ၇ နာရီမှ ညနေပိုင်းထိ အစိုးရ တပ်မတော်ဘက်က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး SSPP/SSA ကလည်း ခုခံစစ်ဖြင့် တိုက်ပွဲဝင်ခဲ့သည်ဟု SSPP/SSA မှ ပြောရေးဆို ခွင့်ရှိသူ ဒုဗိုလ်မှူးကြီး စိုင်းလက ပြောသည်။

“တာဆမ်ပူးကိုလည်း ဖယ်ပေးပြီးပြီ။ သူတို့က ထိုးစစ်အရှိန်ကို မလျော့သေးဘူး။ မလျော့တဲ့အပြင် ကျနော်တို့ ဝမ်ဟိုင်းရဲ့တောင်ဘက် ၅ မိုင်ခန့်အကွာမှာလည်း သူတို့ ဝမ်းလွိုယ်၊ မိုင်းငန် ဘက်မှာလည်း တစ်နေရာ စစ်မျက်နှာဖောက်ပြီးတော့ ထိုးဖောက်နေတယ်လေ”ဟု သူက မဇ္ဈိမကို ပြောသည်။

လက်ရှိ အစိုးရတပ်မတော်သည် ဝမ်းဟိုင်းဌာနချုပ်မှ ၁၀ မိုင်ခန့် အကွာအတွင် ထိုးစစ်ဆင်နေပြီး ပြီးခဲ့သည့် ရက်ပိုင်းက SSPP/SSA ဌာနချုပ် ဝမ်ဟိုင်း၏ အရှေ့တောင်ဘက် တာဆမ်ပူး ကူးတို့ဆိပ် ဘက်တွင် အစိုးရစစ်တပ်က ထိုးစစ်ဆင် တိုက်ခိုက်ခဲ့သည်။ ယခု ဌာနချုပ်မှ တောင်ဘက် ၅ မိုင်ကျော်အကွာအဝေးရှိ ဝမ်းလွိုယ်ဘက်သို့ ထပ်မံ ထိုးစစ်ဆင်နေသည်ဟု သူက ပြောသည်။

တိုက်ပွဲများနှင့် ပတ်သက်၍ SSPP၏ သဘောထားကို ထုတ်ပြန်ချက်တွင် “စစ်မက်၍ အကြမ်းဖက်လိုသော ဆန္ဒ လုံးဝ(လုံးဝ) မရှိပါ”ဟု ဖော်ပြထားသည်။

အဆိုပါ တိုက်ပွဲများနှင့် ပတ်သက်၍ ပြည်ထောင်စုငြိမ်းချမ်းရေး အကောင်အထည်ဖော်ရေး ကော်မတီ ဒု-ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက အစိုးရ နှင့် လက်နက်ကိုင်အဖွဲ့အချို့အကြား တိုက်ပွဲများ ဖြစ်ပွားနေသည်မှာ မှန်သော်လည်း တွေ့ဆုံပစ် (ထိပ်တိုက်တွေ့ဆုံ၍ ပစ်ခတ်သည့်တိုက်ပွဲ) သဘောမျိုးသာဖြစ်ပြီး ကြီးကြီးမားမား တိုက်ပွဲမဟုတ်ဟု အောက်တိုဘာ ၁၅ရက်က သတင်းထောက်များကို ပြောသည်။

SSPP/SSA အနေဖြင့် ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ (UPWC) အား အချိန်နှင့်တစ်ပြေးညီ ဆက်လက် တင်ပြညှိနှိုင်းသွားမည်ဖြစ်ပြီး မိမိကိုယ်ကိုယ် ကာကွယ်သော ခုခံစစ်ဖြင့် ဆက်လက် တိုက်ပွဲ ဝင်သွားမညည် ဖြစ်ကြောင်း ဖော်ပြထားသည်။

အောက်တိုဘာလ ၆ ရက်မှ ၁၈ ရက်ထိ ဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း SSPP/SSA ဘက်မှ ၂၀ ဦကျော် ဒဏ်ရာရရှိခဲ့ပြီး ၃ ဦးခန့် ကျဆုံးမှုများ ရှိနေပြီ ဖြစ်ကြောင်း ဒုဗိုလ်မှူးကြီး စိုင်းလက ပြောသည်။

ထို့ပြင် တိုက်ပွဲများကြောင့် မိုင်းရှူးမြို့နယ်၊ မိုင်းနောင်မြို့နယ်အတွင်းရှိ စစ်ပြေးဒုက္ခသည် ၂၀၀၀ ကျော်ရှိသွားပြီ ဖြစ်ကြောင်း ပြီးခဲ့သည့် အောက်တိုဘာလ ၁၅ ရက်ကမူ မိုင်းရှူးနှင့် မိုင်းနောင်မြို့နယ်အတွင်းမှ စစ်ပြေးဒုက္ခသည် ၁၅၀၀ ကျော် ရှိခဲ့သည်ဟု ရှမ်းလူမှုအဖွဲ့အစည်းများကလည်း ကြေငြာချက် ထုတ်ပြန်ခဲ့သည်။

SSPP/SSA သည် ၂၀၁၂ ခုနှစ် ဇန်နဝါရီလ ၂၈ ရက်က ပြည်နယ်အဆင့် ပြည်ထောင်စုအဆင့် အပစ်အခတ် ရပ်စဲရေး စာချုပ်ချုပ်ဆိုခဲ့ပြီးနောက် ၎င်းတို့၏ တပ်စခန်း ၁၀ ခုခန့် ဖယ်ပေးခဲ့ပြီး ဖြစ်ကြောင်း ဒုဗိုလ်မှူး စိုင်းလက ပြောသည်။

အောက်တိုဘာလ ၁၅ ရက်က တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးစာချုပ်မူကြမ်းကို တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ၇ ဖွဲ့က အစိုးရနှင့် လက်မှတ်ရေးထိုးခဲ့သော်လည်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ အားလုံး ပါအဝင်ခြင်း မရှိသဖြင့် SSPP/SSA လက်မှတ်ရေးထိုးခြင်း မရှိသေးပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly