ဘယ်လိုရှင်းမလဲ မွန်ရွှေ့ပြောင်းလုပ်သား ပြဿနာ

ဘယ်လိုရှင်းမလဲ မွန်ရွှေ့ပြောင်းလုပ်သား ပြဿနာ
မွန်ပြည်နယ်၊ မော်လမြိုင်မြို့ မြင်ကွင်း။ (ဓာတ်ပုံ-ဦးလွင်)

မွန်ပြည်နယ်မှာရှိတဲ့ အလုပ်လုပ်နိုင်စွမ်းရှိတဲ့ လူငယ်တော်တော်များများက အိမ်နီးချင်း နိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံမှာ သွားရောက် အလုပ်လုပ်ကိုင်နေကြတာက ဒီဒေသရဲ့ မဆန်းလှတဲ့ ပြဿနာ တစ်ခု အဖြစ် ရပ်တည်နေပါတယ်။ ဘာကြောင့် သွားကြသလဲ။  အဲဒီလို ရွှေ့ပြောင်းလုပ်သားတွေ အများအပြားဖြစ်နေတာကြောင့် မွန်ပြည်နယ်အတွင်းမှာရော ထိခိုက်မှုတွေ ရှိပါသလား။

အဓိကကတော့ ပြည်နယ်အတွင်းမှာ အလုပ်အကိုင် အခွင့်အလမ်း ရှားပါးတာကြောင့် သွားကြတာ ဖြစ်တယ်လို့ သွားရောက် လုပ်ကိုင်သူတွေ အပါအဝင် အရပ်အဖွဲ့အစည်း အများစုက ဆိုပါတယ်။
အဲ့ဒီထဲမှာ ထိုင်းနိုင်ငံကို ဆယ်စုနှစ်တစ်ခုကျော် အကြာသွားရောက် အလုပ်လုပ်ကိုင်ဖူးတဲ့ ကိုသန်းထိုက်ဦး လည်း ပါဝင်ပါတယ်။ သူကတော့ ဒေသမှာ နေထိုင်ရင်း အလုပ်မရှိဖြစ်နေရာကနေ ဦးလေး ဖြစ်သူက ခေါ်ဆောင်တဲ့ အတွက် ထိုင်းနိုင်ငံမှာ သွားရောက် လုပ်ကိုင်ဖြစ်တယ် လို့ ပြောပါတယ်။

သူက ထိုင်းမှာ အောက်ခြေသိမ်း အလုပ်ဖြစ်တဲ့ စားပွဲထိုးအလုပ်ကနေ စက်ရုံ အလုပ်အထိ အလုပ်မျိုးစုံ လုပ်ခဲ့သူပါ။  ထိုင်းမှာ ဆယ်စုနှစ် တစ်စုကျော် လုပ်ကိုင်ပြီးတဲ့ နောက်မှာတော့ ကိုသန်းထိုက်ဦး လက်ရှိမှာ ဆိုင်ကယ် အဌားယာဉ်မောင်း လုပ်နေပြီး မိသားစု စားဝတ်နေရေးအတွက် အဆင်ပြေတယ်လို့ ဆိုပါတယ်။

လက်ရှိမှာ ကိုသန်းထိုက်ဦးရဲ့ ညီတော်စပ်သူ ကိုကိုနိုင်လည်း ထိုင်းမှာအလုပ်လုပ်နေပါတယ်။ ကိုကိုနိုင်ကတော့ နေမကောင်းလို့ ဆေးကုသစရိတ်ကြောင့် အကြွေးတင်ရာကနေ သွားဖြစ်သွားတာ ဖြစ်တယ်လို့ သူ့မိခင် ဒေါ်သန်းအေးက ဆိုပါတယ်။

“ဆပ်ဖို့ မပြေလည်တဲ့ အခါကြတော့ သူများတကာတွေက တောင်းတဲ့အခါကြတော့ သူ့မှာ မပြေ လည်ဘူး သူအဲ့လိုဖြစ်သွားတယ်”  လို့  ဆိုပါတယ်။ ကိုကိုနိုင်က ငွေပို့ပေမယ့်လည်း မိသားစု အားလုံး အလုပ်လုပ်မှ စားဝတ်နေရေး အဆင်ပြေတယ်လို့ ဆိုပါတယ်။  

၂၀၁၄ ခုနှစ်မှာ  ထုတ်ပြန်ခဲ့တဲ့ သန်းခေါင်းစာရင်း အရ မွန်ပြည်နယ်ကနေ  ပြည်ပနိုင်ငံများသို့ ရောက်ရှိ နေထိုင်ကြတဲ့ လူဦးရေ  လေးသိန်းနှစ်သောင်းခြောက်ထောင်ကျော် ရှိပါတယ်။ ထိုင်းနိုင်ငံရောက်ရှိ နေထိုင်သည့် လူဦးရေက သုံးသိန်း ရှစ်သောင်းကျော်ရှိကြောင်း ထုတ်ပြန်ထားပါတယ်။                              

မွန်ပြည်နယ် သန်းခေါင်းစာရင်းအရဆိုရင် မွန်ပြည်နယ်ကနေ ပြည်ပကို သွားရောက် အလုပ်လုပ်ကိုင်တဲ့ သူတွေထဲမှာမှ ထိုင်းနိုင်ငံကို သွားတဲ့သူက ပိုများပါတယ်။ ဒီစာရင်းကလည်း သန်းခေါင်စာရင်းမှာ တရားဝင် ထုတ်ပြန်ထားတဲ့စာရင်း ဖြစ်ပြီး တကယ်ဆိုရင် တရားမဝင် သွားရောက်တဲ့ စာရင်းတွေလည်း ရှိနေတာကြောင့် ဒီထက် ပိုများတဲ့ အရေအတွက်ဟာ ထိုင်းနိုင်ငံကို သွားရောက်နေကြတာ ဖြစ်ပါ တယ်။

နယ်မြေလုံခြုံရေးအပါဝင် အလုပ်ကိုင်အခွင့် အလမ်းရှားပါးမှု၊ ဝင်ငွေကွာဟမှုတွေကြောင့် မွန်ဒေသခံ အများစုက ထိုင်းနိုင်ငံကို သွားရောက်လုပ်ကိုင်ကြခြင်းဖြစ်တယ်လို့   ရွှေ့ပြောင်းလုပ်သားများ၊ အမျိုးသမီးနှင့် ကလေး လုပ်သားများ အခွင့်အရေး ဆောင်ရွက်နေတဲ့ မွန်အမျိုးသမီးကွန်ယက်အဖွဲ့မှ  မိချယ်ရီစိုးက ပြောပါတယ်။                                                                                      

ဒါ့အပြင် မွန်ပြည်နယ် အချို့ဒေသတွေဟာ  မငြိမ်းချမ်းတဲ့ နယ်မြေတွေ ဖြစ်တာကြောင့်  ဒေသခံတွေက မိမိတို့ လုပ်ငန်းခွင်ကို မသွားရောက်နိုင်ခြင်း ၊ မူးယစ်ဆေးဝါး ပြဿနာများ ၊ အခြေခံ အဆောက်အအုံနှင့် လူနေမှု အဆင့်အတန်း ကွာခြားခြင်းများကလည်း  ထိုင်းနိုင်ငံကို သွားရောက်ရခြင်း၏ အကြောင်းအရင်းတွေ ဖြစ်နေတယ်လို့လည်း ၎င်းက ဆိုပါတယ်။

မိချယ်ရီစိုးက “ ခြံကထွက်တဲ့သီးနှံတွေကို သူတို့ ခူးလို့မရဘူး ။ သူတို့ အလုပ်တွေ ပျက်ကွက်လာတယ်ဆိုတော့ အလုပ် ရှိနိုင်တဲ့နေရာ ၊ နောက် ပြီးတော့ သူတို့ လုံခြုံမှုအတွက်ကြောင့်မို့ အလုပ်သွား လုပ်ကြတာ “ လို့ ဆိုပါတယ်။

ဒီလိုမျိုး မွန်ဒေသခံ လူငယ်တွေ အခြားနိုင်ငံတွေကို ရွှေ့ပြောင်း လုပ်ကိုင်တာကြောင့် မွန်ပြည်နယ်ရဲ့ အဓိက လုပ်ငန်း ဖြစ်တဲ့ ရာဘာနဲ့ အခြား စိုက်ပျိုးရေး လုပ်ငန်းတွေမှာ ကျွမ်းကျင် လုပ်သား ရှားပါးလာရခြင်းကလည်း အကျိုးဆက် တစ်ခု အနေနဲ့ ဖြစ်တည် နေပါတယ်။

မွန်ပြည်နယ်မှာ ရှိတဲ့ ရာဘာဆေး လှီးတတ်တဲ့ ကျွမ်းကျင် လုပ်သား အများစုက ထိုင်းနိုင်ငံမှာ သွားရောက် အလုပ်လုပ်ကြပါတယ်။ ဒါကြောင့် ရာဘာ ခြံရှင်တွေ အနေနဲ့ ကျွမ်းကျင် လုပ်သား ရှားပါးမှု ပြဿနာကို ရင်ဆိုင်နေရပါတယ်။

မွန်ပြည်နယ်မှာ ရှိတဲ့  ရာဘာလှီး လုပ်သားများသည် တောထဲတွင် သီးခြားနေထိုင်ရခြင်း၊ ညပိုင်းတွင် အလုပ်လုပ်ရခြင်း၊ လုပ်ခလုပ်စား နည်းပါးခြင်းကြောင့် ပြည်နယ်အတွင်းရှိ ရာဘာခြံများတွင် အလုပ်လုပ်ရန် စိတ်ဝင်စားမှုမရှိကြပဲ ရွှေ့ပြောင်းလုပ်သားဖြစ် ထိုင်းနိုင်ငံသို့ သွားရောက်လုပ်ကိုင်ကြကြောင်း မော်လမြိုင်မှ ရာ ဘာခြံလုပ်ငန်းရှင်  တစ်ဦးဖြစ်သည့်  ဦးအောင်နိုင်ဦးက ပြောသည်။

“ဒီဒေသက ရွှေ့ပြောင်းလုပ်သားအနေနဲ့ ထိုင်းမှာသွားပြီး တော့ လုပ်ကိုင်စားသောက်ရှိရင် ဟိုဘက်မှာ တစ်နေ့ကို ဘတ် ၃၀၀ (ကျပ် တစ်သောင်း နီးပါး ) လောက်ရတာကိုး “ လို့ ဦးအောင်နိုင်ဦးက ဆိုပါတယ်။

အဲဒီ ပြဿနာကြောင့် မွန်ပြည်နယ်ရဲ့ ရာဘာလုပ်ငန်းတွေမှာ ကျွမ်းကျင် လုပ်သား ရှားနေပြီး အဲဒီ လုပ်သားတွေရဲ့ နေရာမှာ မြန်မာနိုင်ငံ အလယ်ပိုင်း၊ မြစ်ဝကျွန်းပေါ် ဘက်က ဒေသခံတွေက မွန်ပြည်နယ်ကို ရွှေ့ပြောင်း လုပ်သားအနေနဲ့ လာရောက် လုပ်ကိုင်မှုတွေ ရှိနေပါတယ်။ ဒါပေမယ့်လည်း ကျွမ်းကျင်မှု ကွာတဲ့ ပြဿနာကို ရင်ဆိုင်နေရပါတယ်။

ရာဘာခြံမျာမှာ ကျွမ်းကျင်လုပ်သားရှားမှု ပြဿနာကို အစိုးရ အနေနဲ့ သိရှိပြီးဖြစ်ကြောင်းနဲ့ ယင်းအခက်အခဲကို ကူညီပေးတဲ့ အနေနဲ့  ရာဘာခြံ လုပ်သားတွေကို သင်တန်းပေးတာတွေ ကို ပြည်နယ် အစိုးရ အနေနဲ့ ဆောင်ရွက်ပေးတာတွေ ရှိပေမယ့် အနည်းငယ်သာ ကူညီပေးနိုင်တယ်လို့ မွန်ပြည်နယ် အစိုးရအဖွဲ့ စိုက်ပျိုးရေးနှင့်မွေးမြူရေး ဝန်ကြီး  ဦးမျိုးညွန့်က ဆိုပါတယ်။

မွန်ပြည်နယ်အစိုးရအဖွဲ့က ၂၀၁၂ခုနှစ်က ထုတ်ပြန်ထားတဲ့  စာရင်းတွေ အရ မွန်ပြည်နယ်မှာ ရာဘာ စိုက်ဧက လေးသိန်း ခြောက်သောင်း လေးထောင်ကျော်နှင့် ရာဘာအစေး ထုတ်လုပ်နိုင်သည့် ရာဘာဧကမှာ နှစ်သိန်းရှစ်သောင်း ခြောက်ထောင် ကျော်ရှိကြောင်းသိရပါတယ်။

၂၀၁၅ခုနှစ်မှာတော့ အစိုးရက ရာဘာအစေးထုတ်လုပ်နိုင်တဲ့ ဧက တိုးမှာလာဖြစ်တယ်လို့လည်း ဝန်ကြီးမျိုးညွှန့်က ပြောပါတယ်။  မွန်ပြည်နယ်တွင် ယခုနှစ်မှာ  ရာဘာစိုက်ခင်းဧက ငါးသိန်းကျော်ရှိပါတယ်။ လက်ရှိမှာတော့ ရာဘာဈေးကလည်း ထင်သလောက် မရှိတာကြောင့် ခြံရှင်တွေ အနေနဲ့ အစေး မလှီးသေးဘဲ ထားတာမျိုးတွေလည်း ရှိနေပါတယ်။

အဓိကအားဖြင့်တော့ မွန်ပြည်နယ်မှာ ရာဘာကို ကုန်ကြမ်း အနေနဲ့ ထုတ်လုပ်ခြင်းသာ မဟုတ်ဘဲ ရာဘာ အခြေခံတဲ့ စီးပွားရေး လုပ်ငန်းတွေ လာရောက် ရင်းနှီးမြှပ်နှံမယ် ဆိုရင် အလုပ်အကိုင် အခွင့်အလမ်း ပေါများလာနိုင်တဲ့ နည်းတူ စီးပွားရေးလည်း တိုးတက်လာမှာ ဖြစ်တယ်လို့ ဦးမျိုးညွန့်က ဆိုပါတယ်။

 “မွန်ပြည်နယ်က အေးချမ်းတယ်။ လမ်းပန်းဆက်သွယ်ရေးဆက်သွယ်ရေး ကောင်းတယ်။ အခုဆိုရင် လျပ်စီမီးကလည်း အတိုင်းအတာတစ်ခုထိ ရှိပြီးသား။  သို့သော်ခုနကပြောတဲ့ ရင်းနှီးမြှပ်နှံသူတွေက ဟုတ်တိပတ်တိ လာမရင်းဘူး” ဟု ဝန်ကြီးက  ပြောသည်။

ထိုင်းနိုင်ငံမှာ ဈေးရောင်းတဲ့ အလုပ်လုပ်ကိုင်ဖူးတဲ့ မော်လမြိုင်မြို့ မရန်းကုန်း ရပ်ကွက်မှာ နေထိုင်တဲ့ ကို ရမ်းဘူက “ ဒီမှာ အလုပ်ကိုင်အခွင့်လမ်းပေါ်ပြီးတော့ ကိုယ့်အတွက်ကျန်တယ် ဆိုရင် ဘယ်သူက အပင်ပန်းခံပြီး သွားတော့မလဲ “လို့ ပြောပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required