အောက်တိုဘာ ၂၈၊ ရန်ကုန် ။ ။ ကျောင်းဆရာမများကို ပြောဆိုခဲ့သည့် ကိစ္စနှင့် ပတ်သက်၍ မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများအဖွဲ့ချုပ် ကို ပဲခူးတိုင်းဝန်ကြီးချုပ် ဦးဝင်းသိန်းက တရားဝင် တောင်းပန်လိုက်သည်။
အောက်တိုဘာ ၂၈ရက်နေ့မနက်က ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းနှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများအဖွဲ့ချုပ်တို့သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(ရုံးချုပ်)တွင် တွေ့ဆုံခဲ့ကြပြီး ပါတီတာဝန်ရှိသူများရှေ့တွင် တောင်းပန်ခဲ့ခြင်းဖြစ်သည်။
" သူ တရားဝင်တောင်းပန်တာပါ။ ဆရာ၊ ဆရာမတွေကိစ္စအပေါ်မှာ ပြောကြားချက်အပေါ်မှာ ကျွန်တော်တို့ကလည်း တရားဝင်ဖြစ်စေချင်တော့ အဲ့လိုမျိုးတွေ့ဆုံဖို့တောင်းဆိုလိုက်တာ" ဟု မြန်မာနိုင်ငံ ဆရာ၊ဆရာမများအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါက်တာစိုင်းခိုင်မျိုးထွန်းက ပြောသည်။
အောက်တိုဘာ ၅ ရက်က ပြုလုပ်ခဲ့သည့် ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းမြို့နယ်၊ ဒမငယ်ကျေးရွာ သစ်ချို(မျိုးသန့်ခြံ)လူထုတွေ့ဆုံပွဲတွင် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်က "ဝန်ထမ်းအိမ်ရာက မရှိတာကောင်းတယ်နော်၊ ဆရာ၊ဆရာမတွေ အရပ်ထဲ ရွာထဲနေတဲ့အခါကျတော့ ရွာသူ၊ရွာသားတွေနဲ့ အိမ်ထောင်ကျ အဲဒါမှထွက်မသွားမှာလေ၊ နို့မို့ဆိုရင် နယ်ပြောင်းသွားမှာ ဟုတ်တယ်မလား၊ နယ်ပြန်သွားတော့ လိုအပ်ချက်တွေဖြစ်သွားမယ် ဟုတ်တယ်မလား၊ လူငယ်လေးတွေက လိုက် ရည်းစားစကားပြောပေါ့ ဟုတ်လားနော့၊ အဲဒါမှမြဲမှာ" ဟု ပြောကြားသွားခဲ့ခြင်းဖြစ်သည်။
ထိုကိစ္စနှင့်ပတ်သက်၍ ပဲခူးတိုင်းဝန်ကြီးချုပ်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ အရေးယူမည့် အစီအစဉ် မရှိကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောရေးဆိုခွင့် ဒေါက်တာမျိုးညွန့်ကဆိုသည်။
"ဆရာ၊ဆရာမအဖွဲ့ချုပ်ကိုက အရေးယူဖို့ထက် ညှိုနှိုင်းပေးဖို့ပဲ တိုင်တယ်။တင်ပြလာတာပါ။ အဲ့တော့ ကျွန်တော်တို့က တိုင်ကြားစာဌာနအနေနဲ့ မဟုတ်ပဲနဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်တစ်ဦးအနေနဲ့ နှစ်ဖက်အဖွဲ့များကိုခေါ်ပြီးတော့ သူတို့ရဲ့ သဘောထားတွေကို ခေါ်ယူပြီးမေးမြန်းပါတယ်။ ညှိုနှိုင်းပါတယ်။ အဲ့ဒီအခါမှာ တစ်ဖက်ကလည်း ဒီပြောခဲ့ ဆိုခဲ့တာဟာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်က သူပြောခဲ့ပါတယ် ပြောမိပါတယ် မှားယွင်းပါတယ်ဆိုတာကို တောင်းပန်ပါတယ်။"ဟု ၎င်းကပြောသည်။
ထိုတွေ့ဆုံပွဲတွင် ဆရာ၊ဆရာများ၏ လိုအပ်ချက်တွေကို အတတ်နိုင်ဆုံးဖြည့်ဆည်းပေးပါ့မည်ဟု ပြောဆိုသွားခဲ့ကြောင်းလည်း သိရသည်။
Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/