အစိုးရကို အချက်နှစ်ချက်ဖြင့် RCSS စောင့်ကြည့်မည်

အစိုးရကို အချက်နှစ်ချက်ဖြင့် RCSS စောင့်ကြည့်မည်
အပစ်ရပ်စာချုပ်နှင့် ပတ်သက်၍ RCSS ဥက္ကဋ္ဌ ဒု-ဗိုလ်ချုပ်ကြီးရွက်ဆစ်က မန္တလေးမြို့ရှိ ရှမ်းလူထုကို အောက်တိုဘာ ၁၈ရက်က လာရောက်ရှင်းပြစဉ်။ (ဓာတ်ပုံ-ဘိုဘို)
 

မန္တလေး၊ အောက်တိုဘာ ၁၈။ ။ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် ချုပ်ဆိုထားသည့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ ရှမ်းတပ်မတော် RCSS/SSAက အစိုးရကို အချက်နှစ်ချက်ဖြင့် စောင့်ကြည့်သွားမည်ဟု မန္တလေးမြို့ရှိ ရှမ်းလူထုကို အပစ်ရပ်စာချုပ် လက်မှတ်ထိုးသည့်အခြေအနေကို ရှင်းပြရာတွင် ပြောကြားခဲ့သည်။

"ကျွန်တော်တို့ နှစ်ချက်ပေါ့ စောင့်ကြည့်ဖို့လိုတာက အစိုးရကို။ ၁ အချက်ကတော့ သူတို့တပ်မတော်အပေါ်မှာ အမိန့်ထုတ်ပြန်ချက်ရှိလား။ ကျွန်တော်တို့အဖွဲ့အစည်းမှ မဟုတ်ဘူး တခြားအဖွဲ့အစည်းတွေနဲ့လည်း အပစ်ရပ်အောင် သူတို့ ဘယ်လိုကြိုးစားမလဲ။ ရှမ်းပြည်တိုးတက်ရေးပါတီနဲ့ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကိုလည်း အားလုံးရပ်တန့်ရမှာဖြစ်ပါတယ်။ ဘာလို့လဲဆိုရင် နိုင်ငံရေးဆွေးနွေးတဲ့နေရာမှာ သူတို့မပါဘူးဆိုရင်လည်း နိုင်ငံရေးပွဲတွေက စပြီး ဆွေးနွေးနိုင်မှာ မဟုတ်ပါဘူး" ဟု ဒုဗိုလ်ချုပ်ကြီး ယွက်ဆစ်က ပြောကြားလိုက်သည်။

ယင်းအပြင် NCA လက်မှတ်ထိုးမှုနှင့်ပတ်သက်၍ တိုက်ပွဲ ပြန်ဖြစ်၊ မဖြစ် အစိုးရကသာ အာမခံနိုင်မည်ဟုလည်း ဒုဗိုလ်ချုပ်ကြီး ရွက်ဆစ်က ပြောဆိုခဲ့သည်။

“NCA ကတော့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်ဖို့ လက်မှတ် ရေးထိုးပွဲပဲ ဖြစ်တယ်။ ဒါပေမယ့် အာမခံချက်ကတော့ တိုက်ပွဲ ဖြစ်မယ် မဖြစ်ဘူး ဆိုတာတော့ အစိုးရ ဘက်ကပဲ အာမခံနိုင်လိမ့်မယ်။ သူတို့ အပေါ်မှာပဲ မူတည်တယ်။ ပြည်နယ်အဆင့် အပစ်အခတ် ရပ်စဲရေး လက်မှတ်ထိုးတုန်းကလည်း တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေက စတင်ပြီး တိုက်ခိုက်တာ မရှိပါဘူး”ဟု ၎င်းက ပြောသည်။

NCA လက်မှတ်ထိုးပြီးသည် နှင့် NCA ပါ အချက်အလက်များကို ငါးရက်အတွင်း တပ်ဖွဲ့ဝင်များကို အကြောင်းကြားကာ ရှင်းလင်းပြရမည်ဖြစ်သည်။

"ကျနော်တို့ကတော့ NCA လက်မှတ် ထိုးပြီးပြီးချင်း အမိန့်ထုတ်ထားပြီး ဖြစ်ပါတယ်။ ဒါပေမယ့် တပ်မတော်ကတော့ ဒီနေ့အချိန်အထိ တပ်ဖွဲ့ဝင်တွေကို အမိန့်ထုတ်ထားတာ မတွေ့ရသေးပါဘူး"ဟုလည်း ဒုဗိုလ်ချုပ်ကြီး ရွက်ဆစ်က ပြောသည်။

သို့သော် ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းကမူ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် ချုပ်ဆိုအပြီး ၂၄နာရီအတွင်း တပ်များကို အကြောင်းကြားမည်ဖြစ်ကြောင်း အပစ်ရပ်စာချုပ် လက်မှတ်ထိုးသည့် အောက်တိုဘာ ၁၅ရက်က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားထားသည်။

ဒုတိယ စောင့်ကြည့်မည့် အချက်အနေဖြင့် "ရက် ၉၀အတွင်း ထပ်စောင့်ကြည့်ဖို့လိုတဲ့အချက်တစ်ချက်ကတော့ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံကို ထူထောင်ဖို့ နိုင်ငံရေးဆွေးနွေးပွဲသွားမယ်လို့ အစိုးရက ပြောပါတယ်။ ဒါကို နိုင်ငံရေးဆွေးနွေးပွဲ တကယ်သွားမှာလားဆိုတာ စောင့်ကြည့်ဖို့ လိုပါတယ်" ဟု ပြောကြားခဲ့သည်။

အပစ်ရပ်စာချုပ်ကို လက်မှတ်ထိုးအပြီး ရက် ၃၀အတွင်း လုပ်ဆောင်ရမည့် လုပ်ငန်းတစ်ရပ်ဖြစ်သည့် ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ "UPDJC)ကို အောက်တိုဘာ ၁၆ရက်က ဖွဲ့စည်းနိုင်ခဲ့ပြီး ယင်းအဖွဲ့၏ လုပ်ငန်းစဉ်များ၊ တာဝန်ယူမှု၊ တာဝန်ခံမှုများကို ဆက်လက်ဆွေးနွေးရဦးမည်ဖြစ်သည်။

ရက်ပေါင်း ၆၀ အတွင်း၌မူ နိုင်ငံရေးဆွေးနွေးပွဲမူဘောင်ကို ရေးဆွဲရမည်ဖြစ်ပြီး ယင်းမူဘောင်ကို အခြေခံကာ ရက် ၉၀အတွင်း နိုင်ငံရေး ဆွေးနွေးပွဲများ စတင်ရမည်ဖြစ်သည်။

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ်ကို RCSS အပါအဝင် ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကရင်ငြိမ်းချမ်းရေးကောင်စီ(KNU/KNLA-PC)၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ (PNLO)၊ ချင်းအမျိုးသားတပ်ဦး(CNF)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA) နှင့် ရခိုင်လွတ်မြောက်ရေးပါတီ (ALP)တို့ ရှစ်ဖွဲ့က အောက်တိုဘာ ၁၅ရက်က လက်မှတ်ရေးထိုးပြီးဖြစ်သည်။

"

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required