နေရပ်စွန့်ခွာ တိုင်းရင်းသားများဟု သတင်းစာတွင် ဖော်ပြခဲ့မှုသည် အစိုးရ၏ အာဘော် မဟုတ်

နေရပ်စွန့်ခွာ တိုင်းရင်းသားများဟု သတင်းစာတွင် ဖော်ပြခဲ့မှုသည် အစိုးရ၏ အာဘော် မဟုတ်

နေပြည်တော်၊ သြဂုတ် ၁၆ ။          ။ MRTV နှင့် ပြန်ကြားရေးထုတ် သတင်းစာသုံးစောင်တွင် ပြီးခဲ့သည့် သြဂုတ် ၁၂ ရက်နေ့က ဖော်ပြပါရှိခဲ့သည့် “ နေရပ်စွန့်ခွာတိုင်း ရင်းသားများ” ဆိုသည့် အသုံးနှုန်းသည် အစိုးရ၏ အာဘော်မဟုတ်ကြောင်း သမ္မတရုံး၏ ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောဆိုလိုက်သည်။

 “ဒါနဲ့ ပတ်သက်လို့ ပြောချင်တာက ဒီ အသုံးအနှုန်း ၊ ဒီ ဝေါဟာရသည် နိုင်ငံတော်အစိုးရရဲ့ မူ၊နိုင်ငံတော်အစိုးရ ရဲ့ အာဘော် လုံးဝ မဟုတ်ပါဘူး” ဟု ၎င်းက ဆိုသည်။

သြဂုတ် ၁၆ရက်နေ့က နေပြည်တော်ရှိ သမ္မတရုံးသတင်းစာရှင်းလင်းပွဲတွင် မီဒီယာများ၏ မေးမြန်းမှုကို ပြန်လည်ဖြေဆိုခဲ့ခြင်းဖြစ်သည်။

"နိုင်ငံတော်အစိုးရရဲ့ မူလက မူဝါဒ ပြောင်းလဲခြင်း တစ်စုံတစ်ရာ မရှိပါဘူး။  ဒုတိယအချက်အနေနဲ့ ဒီကိစ္စကို ကျွန်တော်တို့စိစစ်ပါတယ်။"ဟု ဦးဇော်ဌေးက ဆက်ပြောသည်။

"အဓိကတော့ ဆောက်လုပ်ရေးဝန်ကြီးဌာန တာဝန်ရှိသူတွေ၊ နောက် ပြန်ကြားရေးဝန်ကြီးဌာနတာဝန်ရှိသူတွေ ခေါ်ယူမေးမြန်းပြီး စိစစ်ပါတယ်။ စိစစ်တဲ့အခါမှာ ဒီသတင်းကို စပြီးရေးသားတဲ့ဆောက်လုပ်ရေးဝန်ကြီးဌာနမှာ တာဝန်ရှိပါတယ်"ဟု ဦးဇော်ဌေးက ဆက်လက်ပြောသည်။

ထို့အပြင် ယင်းသတင်းကို တည်းဖြတ်ပြီး သတင်းစာနှင့်ရုပ်သံတွင် ဖော်ပြခဲ့သည့်  ပြန်ကြားရေးဝန်ကြီးဌာနတွင်လည်း တာဝန်ရှိကြောင်း ပြောဆိုခဲ့သည်။

ပြီးခဲ့သည့် သြဂုတ် ၁၂ ရက်က ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးကျော်လင်းက မောင်တောဒေသရှိ အိုးထိန်း စခန်းတွင် ပြန်လည်လက်ခံရေ စခန်းများ ကြည့်ရှုစစ်ဆေးသည့်သတင်းတွင် “ နေရပ်စွန့်ခွာ တိုင်းရင်းသားများ” ဆိုသည့် စကားအသုံးအနှုန်းကို MRTV ၊ The Global News Light of Myanmar၊ ကြေးမုံ၊ မြန်မာ့အလင်းတို့တွင် ထည့်သွင်းဖော်ပြခဲ့ခြင်းဖြစ်သည်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး တာဝန်ရှိသူများကို စစ်ဆေးပြီး ဌာနဆိုင်ရာအရေးယူမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်းလည်း သိရသည်။

ပြန်ကြားရေးဝန်ကြီးဌာနဘက်မှမူ အဆိုပါကိစ္စနှင့်ပတ်သက်ပြီး "အိုးထိန်းစခန်းတွင် နေရပ်စွန့်ခွာသူများ"ဟု ပြင်ဆင်ထားကြောင်း ပြန်လည်ဖော်ပြခဲ့သည်။

နေရပ်စွန့်ခွာသူများ၊ ဘင်္ဂါလီများ ဆိုသည့် အသုံးအနှုန်းရပ်များကိုသာ အစိုးရဘက်မှ သုံးနှုန်းပြီး ရိုဟင်ဂျာ၊ တိုင်းရင်းသားဆိုသည့်အသုံးအနှုန်းများကို အစိုးရဘက်မှ သုံးစွဲခြင်း မရှိပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly