လစ်ဗျားကမ်းလွန်မှာ ရွှေ့ပြောင်းဝင်ရောက်သူ ၃၅၀ ကျော်ကို ကယ်တင်

လစ်ဗျားကမ်းလွန်မှာ ရွှေ့ပြောင်းဝင်ရောက်သူ ၃၅၀ ကျော်ကို ကယ်တင်

ပါရီ၊ သြဂုတ် ၁၃ ။         ။ ပြင်သစ် လူသားချင်း စာနာထောက်ထားရေးအဖွဲ့တွေဖြစ်တဲ့ SOS Mediterranean နဲ့ MSF တို့ဟာ လစ်ဗျားကမ်းလွန်မှာ တနင်္လာနေ့က နောက်ထပ်ရွှေ့ပြောင်းဝင်ရောက်သူ ၁၀၅ ဦးကို ကယ်တင်ခဲ့ရပါတယ်။

ဒီအတွက် ကယ်ဆယ်ရေး Ocean Viking သင်္ဘောပေါ်မှာ ကယ်ဆယ်ထားသူ ရွှေ့ပြောင်းဝင်ရောက်သူပေါင်း ၃၅၆ ဦး ရှိသွားပြီ ဖြစ်ပါတယ်။

ရွှေ့ပြောင်းဝင်ရောက်သူတွေရဲ့ ရော်ဘာလှေ စပြီး နစ်မြုပ်ချိန်မှာ ကယ်ဆယ်ရေးအဖွဲ့က အချိန်မီ ရောက်ရှိပြီး ကယ်ဆယ်ခဲ့ရတာပါ။ အချို့ ရွှေ့ပြောင်းဝင်ရောက်သူတွေဆိုရင် ရေထဲကနေ ကယ်တင်ရတာဖြစ်တယ်လို့ အေအက်ဖ်ပီသတင်းထောက်က ပေးပို့ပါတယ်။

တနင်္လာနေ့က ဒီ ကယ်ဆယ်မှုဟာ လစ်ဗျားကမ်းလွန် ရေမိုင် ၄၀ နိုင်ငံတကာရေပိုင်နက်ထဲမှာ ဖြစ်ပြီး ကယ်တင်ခဲ့ရသူ အားလုံးဟာ အမျိုးသားတွေ ဖြစ်ပါတယ်။ ငါးနှစ်နဲ့ ၁၂ နှစ်အရွယ် ကလေးနှစ်ဦးအပါအဝင် အရွယ်မရောက်သေးသူ ၂၉ ဦး ပါဝင်ပါတယ်။ ကယ်ဆယ်ခဲ့ရတဲ့ ၁၀၅ မှာ ဆူဒန်နိုင်ငံက အများဆုံး ရွှေ့ပြောင်းဝင်ရောက်သူတွေဖြစ်တယ်လို့ သိရပါတယ်။

ဒီ တကြိမ် ကယ်ဆယ်မှုဟာ Ocean Viking ကယ်ဆယ်ရေးသင်္ဘောနဲ့ ကယ်တင်မှုပေးတာ စတုတ္ထအကြိမ်ပဲ ဖြစ်ပါတယ်။ ဒီ သင်္ဘောဟာ လူဦးရေ ၂၀၀ ကနေ ၂၅၀ အထိ တင်ဆောင်နိုင်တဲ့ သင်္ဘောဖြစ်ပေမယ့် ခုချိန်မှာ လူပေါင်း ၃၅၆ ဦးကို ကယ်ဆယ်တင်ဆောင်ထားပြီး ကမ်းခြေကို ဘေးကင်းကင်းနဲ့ ပြန်ကပ်ဖို့ လိုကြောင်း ကယ်ဆယ်ရေးအဖွဲ့က ပြောခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required