အမျိုးသားရေးကိုမည်သည့်အခါမှ သစ္စာမဖောက်ဟု ဗိုလ်ချုပ်ကြီးဟောင်းများဦးဆောင်သည့်ပါတီ ကြေညာ

အမျိုးသားရေးကိုမည်သည့်အခါမှ သစ္စာမဖောက်ဟု ဗိုလ်ချုပ်ကြီးဟောင်းများဦးဆောင်သည့်ပါတီ ကြေညာ
ဓာတ်ပုံ - သူရ (မဇ္စျိမ)

ရန်ကုန်၊ ဇူလိုင် ၂၇ ။        ။ အမျိုးသားရေးကို မည်သည့်အခါမှသစ္စာမဖောက်ဟု ဗိုလ်ချုပ်ကြီးဟောင်းများဦးဆောင်သည့် အမျိုးသား နိုင်ငံရေး ဒီမိုကရက်တစ်ပါတီကနေကြေညာပြောဆိုလိုက်သည်။

ထို့အပြင် အမျိုးသားစီးပွားရေးကို ပထမထားဆောင်ရွက်သွားမည်ဟုလည်း အငြိမ်းစား ဒုတိယဗိုလ်ချုပ်ကြီး လည်းဖြစ်၊ သမ္မတဟောင်းလည်းဖြစ်သော ဦးသိန်းစိန် အစိုးရလက်ထက်က သမ္မတရုံးဝန်ကြီးအဖြစ် တာဝန်ယူခဲ့သည့် ပါတီဥက္ကဋ္ဌ ဦးစိုးမောင် ကပြောသည်။

အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီအနေဖြင့် ပြည်သူလူထု၏ လိုအပ်ချက်များကို ပိုမိုဖြည့်ဆည်းပေးချင် သောကြောင့် တစ်စုံတစ်ယောက်၏ ညွှန်ကြားချက်မှ မပါဘဲ တည်ထောင်ခဲ့ခြင်းဟုလည်း ပါတီတာဝန်ရှိသူ များက ဆိုသည်။

“အမျိုးသားရေးနဲ့ပက်သက်လာရင်တော့ သတ္တိနဲ့ စွန့်လွတ်စွန့်စားရန် ဆုံးဖြတ်ထားသူများ ရဲ့ပါတီဌာနချုပ် ဆိုတဲ့သဘောတရား အတိုင်းပဲ ကျွန်တော်တို့ ခံစားချက်၊ ယုံကြည်ချက် ခံယူချက်၊ ယုံကြည်တဲ့သူတွေ ဖွဲ့စည်းပြီးတော့ ပြီးရင် ကျွန်တော်တို့နဲ့အတူ ဆောင်ရွက်နိုင်မယ့်ပုဂ္ဂိုလ်တို့ကို ကျွန်တော်တို့က အမြဲတမ်း လက်ကမ်းကြိုဆိုနေပါတယ်” ဟု ပါတီဥက္ကဋ္ဌ ဦးစိုးမောင်ကပြောသည်။

အမျိုးသားအကျိုးစီးပွားကိုထိခိုက်လာမည်ဆိုပါက မည်သည့်ပုဂ္ဂိုလ်၊ အဖွဲ့အစည်း၊ မည်သည့်ပါတီတို့ကိုမဆို ကန့်ကွက်ရှုံ့ချသွားမည် ဖြစ်ပြီး အမျိုးသားအကျိုးစီးပွားကို လုပ်ဆောင်နေသူများအား ထောက်ခံအားပေး သွားမည်ဟု ၎င်းကဆက်ပြောသည်။

သို့သော်လည်း မည်သည့်အမျိုးသားရေးလုပ်ဆောင်နေသူများ၊ မည်သည့်ပါတီများနှင့် ပူးပေါင်းသွားရန် ရှိသည်ကိုမူ ပါတီဘက်မှထုတ်ဖော် ပြောဆိုခဲ့ခြင်းမျိုးမရှိပေ။

၎င်းတို့ပါတီအနေဖြင့် လာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင် တစ်နိုင်ငံလုံးအနှံ့ဝင်ရောက် ယှဉ်ပြိုင်နိုင်သည်အထိ ကြိုးစားသွားမည်ဟုလည်း ပါတီဥက္ကဋ္ဌဖြစ်သူကပြောသည်။

“ကျွန်တော်တို့ပါတီကတော့ တစ်နိုင်ငံလုံးဝင်ရောက်ရွေးချယ်ဖို့အထိ ရည်မှန်းချက်ထားရှိပါတယ်။ သို့သော် လည်းပဲ ကျွန်တော်တို့အနေနဲ့ မဟာမိတ်တိုင်းရင်းသားပါတီများ တခြားပါတီများ သူတို့ရဲ့အင်အားစု သာမယ့် နေရာမှာကျွန်တော်တို့ဝင်ရွေးချင်မှရွေးပါ့မယ်။ သူတို့ကိုဦးစား ပေးမှာဖြစ်ပါတယ်”ဟု ဦးစိုးမောင်ကပြောသည်။

ထို့အပြင် တပ်မတော်အရာရှိဟောင်းများ အများစုပူးပေါင်းတည်ထောင်ထားသည့် အဆိုပါ ပါတီတွင် အရပ်သားတတ်သိပညာရှင်များနှင့် လုပ်နိုင်စွမ်းရှိသောလူငယ်များကို တာဝန်ခွဲဝေ လုပ်ဆောင် သွားစေမည်ဟုလည်း သိရသည်။
အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီကိုတည်ထောင်ခဲ့သူ ဦးစိုးမောင်သည် စစ်တက္ကသိုလ် အပတ်စဉ် ၁၇ ဆင်း တစ်ဦးဖြစ်ပြီး တပ်မတော်တွင် ဒုတိယဗိုလ်ချုပ်ကြီးရာထူးဖြင့် စစ်ဥပဒေချုပ်တာဝန်ကို ထမ်းဆောင် ခဲ့သူတစ်ဦးဖြစ်သည်။

ထို့အပြင် ဒုဥက္ကဋ္ဌ (၂)ဦးထဲမှ ဦးလွန်းမောင်သည်လည်း အငြိမ်းစားဗိုလ်ချုပ်တစ်ဦးဖြစ်ကာ ပင်စင်ယူပြီးနောက် မွန်ပြည်နယ်၊ ဘီးလင်းမြို့တွင် အောင်ပြည့်စုံနာမည်ဖြင့် ထမင်းဆိုင်ဖွင့်လှစ်ထားသူတစ်ဦးလည်းဖြစ်သည်။

အဆိုပါ ပါတီကို အမျိုးသားနိုင်ငံရေးပါတီအမည်ဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သို့ လျှောက်ထား ခဲ့သော်လည်း တစ်နှစ်ခန့်အကြာတွင် အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီဟုဆိုကာ ပြီးခဲ့သည့် မေလ ၁၇ ရက်နေ့တွင် မှတ်ပုံတင်ခွင့်ပြုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly