ကြမ်းတမ်းသောဘဝမှ ရုန်းထွက်နိုင်အောင် ကြိုးစားခဲ့သော Eddie Alvarez

ကြမ်းတမ်းသောဘဝမှ ရုန်းထွက်နိုင်အောင် ကြိုးစားခဲ့သော Eddie Alvarez

ယနေ့ အောင်မြင်မှုများ ရယူပိုင်ဆိုင်ထားသော လူသားများအနေဖြင့် အောင်မြင်မှုကို အလွယ်တကူရယူနိုင်ခဲ့ခြင်းမဟုတ်ပါ။ စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေး၊ အားကစား၊ အနုပညာ၊ သိပ္ပံပညာ၊ အင်ဂျင်နီယာပညာ စသည့် နယ်ပယ်ပေါင်းစုံတွင် သာမန်လူများထက် ခေါင်းတစ်လုံးမက ပိုမိုမြင့်မားနေရခြင်း၏နောက်ကွယ်တွင် လူမသိနိုင်သော အကြောင်းအရင်းပေါင်းစုံ ရှိနေနိုင်ပါသည်။

သေချာသည်ကတော့ အောင်မြင်မှုများကို ရယူပိုင်ဆိုင်ထားသော လူသားများအနေဖြင့် ကြိုးစားအားထုတ်မှု၊ လုံ့လဝီရိယ စိုက်ထုတ်မှု အပိုင်းတွင် သာမန်လူများထက် ပိုမိုပေးဆပ်ရမည်ဆိုသည်က အမှန်ပင်။ မွေးဖွားလာစဉ်ကတည်းက လူတစ်ဦးနှင့်တစ်ဦး တူညီမှုမရှိနိုင်ပါ။ အချို့က လိုလေသေးမရှိအောင် ပံ့ပိုးပေးနိုင်သည့် ချမ်းသာသောမိဘများမှ မွေးဖွားလာကြသည်။ ၎င်းတို့အတွက်က ရွှေမရှား၊ ငွေမရှားအနေအထားဖြစ်ပြီး လိုတိုင်းရနိုင်သည့် အခြေအနေလည်းဖြစ်သည်။ အချို့တွေကျတော့ ပြောင်းပြန်ဟုဆိုနိုင်သည်။

ဆင်းရဲသားမိသားစုမှ ဆင်းသက်ပေါက်ဖွားလာသူများပီပီ ဘဝကို ခက်ခက်ခဲခဲနှင့် ဖြတ်သန်းခဲ့ရသလို မကောင်းသောပတ်ဝန်းကျင်မှ အကျင့်စရိုက်ဆိုးများ လွှမ်းမိုးမှုမခံရအောင် ကြိုးပမ်းတည်ဆောက်ခဲ့ရသူများလည်း ရှိသည်။ ထိုသို့တည်ဆောက်ရာတွင် မိဘများ၏ ပံ့ပိုးကူညီမှုများကလည်း အခရာကျသည်။

တစ်နည်းအားဖြင့် သားသမီး၏ အနာဂတ်အပေါ် အကောင်းဆုံးဖြစ်စေလိုသည့် မိဘများ၏ ဉာဏ်အမြော်အမြင်ဟုလည်း ဆိုနိုင်သည်။ ငယ်ရွယ်စဉ်က ဆင်းရဲသောမိသားစု၊ ဆိုးရွားသောပတ်ဝန်းကျင်တွင် လူလားမြောက်ခဲ့ရသော်လည်း မိဘနှစ်ပါး၏ပံ့ပိုးမှု၊ ကိုယ်တိုင် ကြိုးစားအားထုတ်မှုများကြောင့် အောင်မြင်သော ကိုယ်ခံပညာသိုင်း ပေါင်းစုံအားကစားသမားတစ်ဦးအဖြစ် ရပ်တည်နေသူ တစ်ဦးရှိသည်။

ထိုသူက Eddie Alvarez ဖြစ်သည်။  ကြိုးဝိုင်းအမည် “ The Underground King” ဟု အမည်ရသော Alvarez သည် အ မေရိကန်ပြည်ထောင်စု ပင်ဆယ်ဗေးနီးယားပြည်နယ် ဖီလာဒဲလ်ဖီးယားမြို့တွင် မွေးဖွားခဲ့သူဖြစ်သည်။ ၎င်း နေထိုင်ကြီးပြင်းရာ ဖီလာဒဲလ်ဖီးယားမြောက်ပိုင်းမှ Kensington ဒေသမှာ ဆင်းရဲမွဲတေမှုထူပြောခြင်း၊ ဒုစရိုက်လုပ်ငန်း များပြားခြင်း၊ မူးယစ်ဂိုဏ်းများ ထူပြောခြင်း စသည်တို့ကြောင့် နာမည်ဆိုးနှင့်ကျော်ကြားရာ ဒေသတစ်ခုလည်းဖြစ်သည်။

ယခုတော့ အဆိုပါ ဆိုးရွားသော ပတ်ဝန်းကျင်မှ လူလားမြောက်လာသူ Alvarez သည် ကမ္ဘာ့အကြီးဆုံး ကိုယ်ခံ ပညာသိုင်းပေါင်းစုံ အဖွဲ့အစည်းဖြစ်သည့် ONE Championship သို့ ကူးပြောင်းရောက်ရှိလာပြီးနောက် လာမည့် သြဂုတ်လ ၂ ရက်တွင် ပြုလုပ်မည့် ONE: DAWN OF HEROES ပြိုင်ပွဲ၌ ONE လိုက်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံဟောင်း ဖိလစ်ပိုင်နိုင်ငံ့ဂုဏ်ဆောင် Eduard “Landslide” Folayang နှင့် ရင်ဆိုင်ရတော့မည်ဖြစ်သည်။

Alvarez နေထိုင်ရာ Kensington ဒေသမှာ အမေရိကန်ပြည်ထောင်စု အခြားဒေသများထက် မှုခင်းဖြစ်ပွားမှုနှုန်းမှာ ပျမ်းမျှ ၈၃ ရာခိုင်နှုန်းအထိမြင့်မားပြီး လူဆိုးဂိုဏ်းများ ကြီးစိုးရာဒေသလည်းဖြစ်သည်။ Alvarez က Kensington ဒေသတွင် နေထိုင်ကြီးပြင်းခဲ့စဉ် အပြောင်းအလဲ ကြီးကြီးမားမား မရှိခဲ့သော်လည်း ၇ နှစ်သား၊ ၈ နှစ် သားအရွယ်တွင်မူ အခြေအနေပြောင်းလဲသွားခဲ့သည်ဟု ဆိုသည်။

ဒေသခံအများစုမှာ ဆင်းရဲကြသလို မူးယစ်ဆေးဝါးပြဿနာကလည်း နေရာတိုင်းတွင်ရှိနေသည်။

ထိုအကြောင်းကို Alvarez က “ ဖီလာဒဲလ်ဖီးယားမြောက်ပိုင်းမှာ နေထိုင်ရတဲ့ဘဝက အဆင်ပြေတယ်။ ဒါပေမယ့် ၇ နှစ်သား၊ ၈ နှစ် သားအရွယ်ကစလို့ ပြောင်းလဲသွားတော့တာပဲ။ ကျွန်တော် ကြီးပြင်းခဲ့တဲ့ဒေသက မူးယစ်ဆေးဝါးတွေ ပေါလွန်းတဲ့အရပ်။ ဘိန်းဖြူ အဲဒီဒေသမှာ နေထိုင်တဲ့သူတွေကို အလွယ်တကူပဲ ပျက်စီးယိုယွင်းစေတယ်။ ဆင်းရဲတော့လည်း တော်တော်များများက မူးယစ်ဆေးနွံထဲ ရောက်သွားကြတာပဲ “ ဟု ပြောပြသည်။

၎င်း၏ဘဝကို ကယ်တင်ခဲ့သူက မိဘနှစ်ပါးဖြစ်ပြီး သားဖြစ်သူကို Kensington ဒေသအပြင်ဘက်ရှိ ပုဂ္ဂလိက ကျောင်းတစ်ကျောင်းတွင် ပညာသင်ကြားခွင့်ရရှိစေရန် ကြိုးစားခဲ့ကြသည်။ Kensington တွင် ပညာသင်ကြားပါက ဆိုးရွားသောပတ်ဝန်းကျင်၏ ရိုက်ခတ်မှုကို ကြုံရနိုင်သလို ဒုက္ခရောက်နိုင်သည်ကို ကြိုတင်မျှော်တွေးကာ ကက်သလစ်ကျောင်းသို့ပို့ကာ ပညာသင်ကြားစေခဲ့သည်။

ထိုအခြေအနေကို Alvarez ကလည်း အသိအမှတ်ပြုခဲ့သည်။

“ အဖေနဲ့အမေက ပိုက်ဆံစုပြီး ကျွန်တော့်ကို ကက်သလစ်ကျောင်းကို ပို့ခဲ့တယ်။ တကယ်လို့ ကျွန်တော်တို့နေတဲ့ အရပ်မှာသာ ပုဂ္ဂလိကကျောင်းသာ တက်ခွင့်ရခဲ့ရင် အခုလိုမျိုး ဖြစ်လာမှာမဟုတ်ဘူးလို့ ထင်တယ် “ ဟု ၎င်းက ပြောပြသည်။

ငယ်ငယ်ရွယ်ရွယ်နှင့် ကြမ်းတမ်းသောဘဝကို ဖြတ်သန်းခဲ့ရသော Alvarez အတွက် ရင်ဆိုင်ကြုံတွေ့လာရသော ဘဝပေး အခြေအနေများအပေါ် ငြင်းဆိုပိုင်ခွင့်တော့မရှိခဲ့ပါ။ ၇ နှစ်၊ ၈ နှစ်သားအရွယ်မှာပင် ၁၂ နှစ်၊ ၁၃ နှစ်အ ရွယ်ရှိသူများ ကြုံတွေ့ရမည့်အဖြစ်မျိုးနှင့် ကြုံတွေ့ခဲ့ရသည်။

ပြေးခုန်ပစ်ကစားသမားများရှိသော အားကစားအသင်းနှင့် ချိတ်မိခဲ့ပြီးနောက် ဖခင်ဖြစ်သူက Alvarez ကို ၃ မိုင် ခန့်ကွာဝေးသာ ကျောင်းသို့ ကျောင်းကားမစီးဘဲ နေ့စဉ် အပြေးသွားရန် တိုက်တွန်းခဲ့သည်။ ဖခင်၏တိုက်တွန်းချက်ကို Alvarez ကလည်း လက်ခံကာ ကျောင်းကားမစီးဘဲ ကျောင်းသို့သွားရန် ဆုံးဖြတ်ခဲ့သည်။

“ ၈ နှစ်သားလောက်ကတည်းက ကျောပိုးအိတ်လွယ်ပြီး ၃ မိုင်လောက်ဝေးတဲ့ကျောင်းကို အပြေးသွားခဲ့တာ။ လမ်းကြို လမ်းကြားတွေထဲက ဖြတ်ပြေးသလို ကျွန်တော့်ရဲ့ကက်သလစ်ကျောင်း ယူနီဖောင်းမှာရော၊ ကျောပိုး အိတ်မှာပါ ချွေးတွေက ရွှဲနစ်နေတာပဲ “ ဟု ၎င်းက ကျောင်းသို့ အချိန်မီရောက်ရှိရန် ပြေးလွှားသွားခဲ့ရပုံကို ပြောပြသည်။

အရွယ်ရောက်လာသောအခါ Alvarez မှာ ကိုယ်ခံပညာ သိုင်းပေါင်းစုံ အားကစားနည်းအပေါ် စိတ်ဝင်စားလာပြီး ၎င်း၏ ဘဝပြောင်းလဲသွားစေရန် ထိုအားကစားနည်းက ပြုလုပ်ပေးနိုင်လိမ့်မည်ဟု ယုံကြည်ခဲ့သည်။ ထို့ကြောင့်လည်း ကိုယ်ခံပညာ သိုင်းပေါင်းစုံ အားကစားနည်းကို လေ့လာလိုက်စားခဲ့သည်။

စားလည်းဒီစိတ်၊ သွားလည်းဒီစိတ်ဖြင့် ကြိုးစားခဲ့သောကြောင့် ထိုက်တန်သောနေရာတစ်ခုကို Alvarez ပိုင်ဆိုင်နိုင်ခဲ့သည်။ လိုက်ဝိတ် ကမ္ဘာ့ချန်ပီယံဆုကို ပိုင်ဆိုင်နိုင်ခဲ့သော Alvarez မှာ ကမ္ဘာကျော် လက်ဝှေ့ဇာတ်ကား တစ်ကားဖြစ်သည့် Rocky ကိုအားကျကာ ထိပ်တန်းကစားသမား တစ်ယောက်ဖြစ်လာရန် အကောင်းဆုံးကြိုးစားနိုင်ခဲ့သည်။

ကမ္ဘာကျော်သရုပ်ဆောင် စတားလုံး ပါဝင်သရုပ်ဆောင်ထားသည့် Rocky ဇာတ်ကားမှာ Alvarez နေထိုင်ကြီး ပြင်းရာ ဖီလာဒဲလ်ဖီးယားမြို့ကို အခြေခံရိုက်ကူးထားခြင်းဖြစ်ပြီး စတားလုံး၏သရုပ်ဆောင်မှုများက ၎င်း၏ဘဝ ကို ကြိုးစားလိုစိတ်များ ဖြစ်ပေါ်စေခဲ့သည်ဟု အမေရိကန်နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားက ပြောပြသည်။ Rocky ဇာတ်ကားကို အကြိမ်ပေါင်းများစွာ ကြည့်ရှုကာ အောင်မြင်မှုများရရှိရန် စွမ်းဆောင်နိုင်ခဲ့သော Alvarez က အောင်မြင်သော အနေအထားသို့ ရောက်နေသော်လည်း မည်သည့်ဘဝမှ လာသည်ဆိုသည်ကို ဘယ်တော့မှ မမေ့ဟု ဆိုသည်။

ဆိုလိုချင်သည်က ပင်ပန်းဆင်းရဲသော ဘဝမှ ဖြတ်သန်းလာရခြင်းကို အောင်မြင်မှုများရယူနိုင်သည့် အနေအထားသို့ ရောက်ရှိနေချိန်တွင် အောက်ခြေလွတ်ကာ ဘဝင်မြင့်ခြင်းမရှိဟု နှိမ့်ချခဲ့ခြင်းလည်းဖြစ်သည်။ ၎င်း၏ဘဝတွင် Rocky ဇာတ်ကားက မည်သည့်အခန်း ကဏ္ဍအထိ လွှမ်းမိုးမှုရှိသလဲဆိုသည်ကို Alvarez က အဆိုပါ ဇာတ်ကားမှာ ရှင်သန်နေသော မိမိ၏ဘဝကို ထင်ဟပ်စေသော ဇာတ်ကားတစ်ကားဟု ရင်ဖွင့်ခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required