အမေရိကန်ရဲ့ ကြီးနိုင်ငယ်ညှဉ်း ပြုကျင့်မှုကြောင့် အီရန် နျူကလီးယား ပြဿနာ ပိုမိုဆိုးဝါးရတယ်လို့ တရုတ် အပြစ်ဆို

အမေရိကန်ရဲ့ ကြီးနိုင်ငယ်ညှဉ်း ပြုကျင့်မှုကြောင့် အီရန် နျူကလီးယား ပြဿနာ ပိုမိုဆိုးဝါးရတယ်လို့ တရုတ် အပြစ်ဆို

ပေကျင်း၊ ဇူလိုင် ၈ ။        ။ အီရန်နျူကလီးယား အကျပ်အတည်း ပိုမိုဆိုးဝါးရတာဟာ အမေရိကန်ရဲ့ တစ်ဖက်သတ် ကြီးနိုင်ငယ်ညှဉ်း ပြုကျင့်တာကြောင့်ဖြစ်တယ်လို့ တရုတ်နိုင်ငံက ဇူလိုင် ၈ ရက်မှာ အပြစ်ဆိုလိုက်ပါတယ်။
အင်အားကြီး နိုင်ငံတွေနဲ့ ချုပ်ဆိုထားတဲ့ ၂၀၁၅ နျူကလီးယား စာချုပ်ရဲ့ ယူရေနီယံ ထုတ်လုပ်မှု ကန့်သတ်ထက် ပမာဏကို လိုက်နာတော့မှာ မဟုတ်ကြောင်း အီရန်က ကြေညာအပြီးမှာ တရုတ်က ခုလို အပြစ်ဆိုလာတာပဲ ဖြစ်ပါတယ်။

“လက်တွေ့အချက်အလက်တွေက ပြသနေတာဟာ တစ်ဖက်သတ် ကြီးနိုင်ငယ်ညှဉ်း ပြုကျင့်တာကြောင့် အခြေအနေ ဆိုးသထက် ဆိုးလာတာကို ပြသနေတာပဲ။”လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ ကျန်းရှောင်က ပုံမှန်သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။

“အီရန်နျူကလီးယား ပြဿနာဟာ အမေရိကန်ရဲ့ အီရန်အပေါ် အလွန်အကျွံ ဖိအားပေးဖို့ အဖက်ဖက်က ကြိုးပမ်းလာတာကြောင့်ပဲ ဖြစ်တယ်။”လို့ ၎င်းက ပြောပါတယ်။

အမေရိကန် နုတ်ထွက်ထားတဲ့ ၂၀၁၅ အီရန်နျူကလီးယား သဘောတူညီမှုစာချုပ်မှာ ပါဝင်ထားတဲ့ ကျန်နိုင်ငံတွေအနေနဲ့ ပြဿနာ ဖြေရှင်းဖို့ အဖြေမတွေ့လာရင် စာချုပ်ပါ ကတိကဝတ်တွေကို စွန့်ပယ်တော့မှာဖြစ်တယ်လို့ အီရန်နိုင်ငံက တနင်္ဂနွေနေ့က ခြိမ်းခြောက်ပြောဆိုထားပါတယ်။

အင်အားကြီး ခြောက်နိုင်ငံနဲ့ အီရန်တို့ ချုပ်ဆိုထားခဲ့တဲ့ အဲဒီ စာချုပ်ကနေ သမ္မတ ထရမ့်ဟာ ပြီးခဲ့တဲ့ နှစ်က နုတ်ထွက်ပြီး အီရန်အပေါ် ဒဏ်ခတ်ပိတ်ဆို့မှုတွေ ပြန်လည်ကျင့်သုံးလာချိန်ကစပြီး တင်းမာမှုတွေ မြင့်တက်လာနေခဲ့တာ ဖြစ်ပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required