နေပြည်တော်၊ ဇွန်လ ၁၈ ။ ။ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ကုလားတန်တံတား( ပလက်ဝ) စီမံကိန်းအတွက် ရေယာဉ်ဖြင့် သယ်ဆောင်လာသည့် သံဘောင်နှင့် ဆက်စပ်ပစ္စည်းများအတွက် အာမခံလျော်ကြေး ငွေကျပ် (၄၉၁၀) သိန်းကို ဇွန်လ ၁၈ ရက်နေ့က နေပြည်တော်ရှိ ဆောက်လုပ်ရေးဝန်ကြီးဌာန ရုံးတွင် IKBZ Insurance မှ ပေးအပ်ခဲ့သည်။
“မတ်လ ၁၆ ရက်နေ့ မနက်မှာ AAအဖွဲ့ရဲ့ ဖျက်စီးမှုကြောင့် MV ရတနာဝင်း သဘောင်္နဲ့ သယ် ဆောင်လာတဲ့ တံတားသံဘောင်နဲ့ ဆက်စပ်ပစ္စည်းများ မီးလောင်ပျက်စီးခဲ့ရပါတယ်။ မီးလောင် ဆုံးရှုံးခဲ့တဲ့ ပစ္စည်းတွေနဲ့ပတ်သက်ပြီး အာမခံထားရှိခဲ့တဲ့ IKBZ မှာ အချို့အစိတ်အပိုင်းများအတွက် ဒီနေ႔ အစားထိုးပြန်လည်ပေးအပ်ခြင်းဖြစ်ပါတယ်”ဟု ဆောက်လုပ်ရေးဝန်ကြီးဌာန မှ ပြည်ထောင်စု ဝန်ကြီး ဦးဟန်ဇော်က အဖွင့်မိန့်ခွန်းတွင်ပြောကြားခဲ့သည်။
အဆိုပါ တံတားကို ၂၀၁၇-၁၈ ဘဏ္ဍာနှစ်တွင် စတင်တည်ဆောက်ခဲ့ပြီး ၂၀၂ဝခုနှစ် ဖေဖော်ဝါရီလ ၂ဝရက်နေ့တွင် ဖွင့်လှစ်နိုင်ရန် အမြန်ဆုံး စီစဉ်ဆောင်ရွက်နေကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးကျော်လင်းက ပြောသည်။
အဆိုပါ လျော်ကြေးငွေပေးအပ်ခြင်းကို အာမခံကုမ္ပဏီ IKBZ Insurance မှ အထူးကိစ္စတစ်ရပ် သတ်မှတ်ကာ ရည်ရွယ်ချက် သုံးချက်နှင့် အလျင်အမြန်ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ဆောင်ရွက်ပေးတဲ့အခါမှာ ဒီကာလအတွင်းမှာ နောက်ဆုံး ဒီလိုအပ်တဲ့ တံတားဘောင် ပစ္စည်းတွေ အကုန်လုံးကို စက်ရုံကနေ ပကတိ အားလုံးထုတ်ရင် ဘယ်လောက်ကုန်ကျမလဲဆိုတာထိ တွက်နိုင် ခဲ့ပါတယ်။ အဲ့တာကြောင့် ဒီနေ့ ပြန်ပေးခြင်းဖြစ်ပါတယ်”ဟု အာမခံကုမ္ပဏီ IKBZ Insuranceမှ ဒုတိယ ဥက္ကဋ္ဌ ဦးညိုမြင့်ကပြောသည်။
ပျက်စီးသွားသည့် သင်္ဘောအတွက် မြန်မာ့အာမခံလုပ်ငန်းမှ တာဝန်ယူထားပြီး ၊ တံတား သံဘောင် နှင့်ဆက်စပ်ပစ္စည်းများကို IKBZ ထံတွင် အာမခံထားရှိသောကြောင့် ယခုကဲ့သို့ လျော်ကြေး ပေးအပ် ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။