ရဲတပ်ဖွဲ့ဝင်များ ယာဉ်အန္တရာယ် ကင်းရှင်းရေး အတွက် အသိပညာပေး ဟောပြောပွဲ ပြုလုပ်

ရဲတပ်ဖွဲ့ဝင်များ ယာဉ်အန္တရာယ် ကင်းရှင်းရေး အတွက် အသိပညာပေး ဟောပြောပွဲ ပြုလုပ်
  (ဓာတ်ပုံ- ကျော်စိုးလွင်)

မန္တလေး(ဇွန်လ ၁၆ ရက်၊ ၂၀၁၉ခုနှစ်)။ ။ မန္တလေးတိုင်း၊ ကျောက်ဆည်ခရိုင်အတွင်းရှိ ရဲတပ်ဖွဲ့ဝင်များ ယာဉ်အန္တရာယ်ကင်းရှင်းစေရေးနှင့် ယာဉ်မတော်တဆမှုများ မဖြစ်ပွားစေရေးအတွက် အသိပညာပေး ဟောပြောပွဲကို ဇွန်လ ၁၄ရက်က ကျောက်ဆည်ခရိုင်ရဲတပ်ဖွဲ့မှူးရုံး၊ အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။

ကျောက်ဆည်ခရိုင်အတွင်းရှိ ရဲတပ်ဖွဲ့ဝင်များ ယာဉ်မတော်တဆင်မှု မဖြစ်ပွားစေရန်နှင့် မလိုလားသည့်သည့် အင်အား ပြုန်းတီးမှုများ မဖြစ်ပေါ်စေရန် ရည်ရွယ်၍ အမှတ်(၉၂) ယာဉ်ထိန်းရဲ တပ်ဖွဲ့စု(ကျောက်ဆည်)မှ တာဝန်ရှိသူများက ဟောပြော၊ ပို့ချခဲ့ခြင်း ဖြစ်သည်။

“ယာဉ်မတော်တဆမှုတွေနဲ့ ပတ်သက်ပြီး အမှား၊ အမှန် သေချာသိအောင် မော်တော်ယာဉ် နည်းဥပဒေတွေကို ရှင်းပြပါတယ်။ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာတွေကို ဟောပြောတယ်။ အသိပညာပေး လက်ကမ်းစာစောင်တွေ ပေးဝေပါတယ်” ဟု အမှတ်(၉၂) ယာဉ်ထိန်းရဲ တပ်ဖွဲ့စု(ကျောက်ဆည်)မှ ဒုရဲအုပ် ကျော်စိုးလွင်က ပြောသည်။

ကျောက်ဆည်ခရိုင်အတွင်း ရဲတပ်ဖွဲ့ဝင်များ ယာဉ်အန္တရာယ်ကင်းရှင်းစေရေးအတွက် အသိပညာပေးဟောပြောပွဲကို ယခုနှစ် ဧပြီလအတွင်းက ပထမအကြိမ် ကျင်းပခဲ့ပြီး ယခုအကြိမ်သည် ဒုတိယမြောက် ဖြစ်သည်။

မြန်မာနိုင်ငံတွင် ၂၀၁၉ခုနှစ်၊ ဇန်နဝါရီလမှ မေလအထိ ယာဉ်မတော်တဆမှုကြောင့် ရဲတပ်ဖွဲ့ဝင် ၁၇ ဦး သေဆုံးခဲ့ပြီး ၅၉ဦး ထိခိုက်၊ ဒဏ်ရာ ရရှိခဲ့သည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required