ရှမ်းတပ်မတော်ကို အစိုးရတပ် ဆက်လက်ထိုးစစ်ဆင်ဟုဆို

ရှမ်းတပ်မတော်ကို အစိုးရတပ် ဆက်လက်ထိုးစစ်ဆင်ဟုဆို

ချင်းမိုင်၊ အောက်တိုဘာ ၇ ။           ။ ရှမ်းပြည်နယ် မိုင်းရှူးမြို့နယ်အတွင်းရှိ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP/SSA) ၏ တပ်မဟာ ၇၂ အခြေစိုက်ထားသည့် နယ်မြေအတွင်း အစိုးရ စစ်တပ်များ အောက်တိုဘာ ၆ ရက်က ထိုးစစ်ဆင်လာခဲ့ပြီး ယနေ့ အောက်တိုဘာ ၇ရက်တွင် တိုက်ပွဲ ဆက်လက် ဖြစ်ပွားနေသည်ဟု SSPP/SSA ပြောရေးဆိုခွင့်ရှိသူ ဒု-ဗိုလ်မှူးကြီး စိုင်းလက ပြောသည်။

SSPP/SSA တပ်မဟာ ၇၂ ထိန်းချုပ်နယ်မြေ မိုင်ရှူးမြို့နယ် ဟိုင်းပါကျေးရွာအုပ်စု တာ့ဆမ်ပူးကျေးရွာအနီး တဝိုက်သို့ အစိုးရ စစ်တပ်၏ အရှေ့ အလယ်ပိုင်း တိုင်းစစ်ဌာနချုပ် လက်အောက်ခံ တပ်ရင်း ၁၁၇ နှင့် ၅၂၀ တပ် အင်အား ၃၀၀ ကျော် ထိုးစစ်ဆင် ဝင်ရောက်လာသဖြင့် ပစ်ခတ် တိုက်ခိုက်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

“ဒီနေ့ ၆ နာရီမှာ တကြိမ်၊ နောက် ၁၁ နာရီလောက်မှာ တကြိမ် တိုက်ပွဲ ဖြစ်နေသေးတယ်။ ဟိုက်းပါအုပ်စု တာဆမ်ပူးရွာအငယ်လေးပဲလေ။ အဲဒီမှာ ကတို့ဆိပ်ရှိတယ်။ အဲဒီတဝိုက်မှာ ဖြစ်တာ။ ကျနော်တို့ ရှိတဲ့ တောင်ကိုတက်လာတယ်။ ကျနော်တို့ရှိတဲ့ တောင်ကုန်းကို ဝိုင်းပတ်ပြီးတော့ တိုက်နေတယ်။ ခမရ ၁၁၇ နဲ့ ခမရ ၅၂၀ အင်အား ၃၀၀ ကျော်ပေါ့။ အခုက ၁၀၀ ထပ်ပို့သေးတယ်လို့ သိရတယ်”ဟု ဒုဗိုလ်မှူးကြီး စိုင်းလက ပြောသည်။

ရှမ်းမြောက်ပိုင်းတပ်မတော် (SSPP/SSA)သည် ရန်ကုန်မြို့တွင် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးစာချုပ် လက်မှတ်မထိုးသေးရန် ဆုံးဖြတ်ထားသည့်အဖွဲ့ဖြစ်ပြီး လက်မှတ်ထိုးမည့်ရက် သတ်မှတ်ရက် အတွက် ဆွေးနွေးရန် အစိုးရက ဖိတ်ခေါ်သော်လည်း တက်ရောက်ခြင်း မရှိပေ။

“ဘကြောင့် တိုက်ပွဲ ပြန်ဖြစ်တယ်ဆိုတာ သေချာ ဃဃဏဏ မသိဘူး။ ကျနော်တို့သိတာက ၄ ရက်နေ့မှာ အန်စီအေ လက်မှတ်ထိုးဖို့ ဖိတ်တာ ကျနော်တို့မသွားဘူး။ ၅ ရက်နေ့မှာ သူတို့ စစ်တပ်ကနေ ဒီဖက်က ဆင်းခဲ့တယ်”ဟု ဒုဗိုလ်မှူးကြီး စိုင်းလက  ပြောသည်။

ပစ်ခတ်မှုဖြစ်ပွားမှုနှင့် ပတ်သက်၍ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ(UPWC)ထံ အောက်တိုဘာ ၆ ရက် စာဖြင့် အကြောင်းကြားထားပြီး ဖြစ်ကြောင်း သူက ပြောသည်။

၂၀၁၄ ခုနှစ် အောက်တိုဘာလ ၂ ရက်မှ ၆ ရက်ထိ SSPP/SSA ၏ တာဖာဆောင် ကူးတို့ဆိပ် တပ်စခန်းအနီး အစိုးရ စစ်တပ်ဘက်မှ ထိုးစစ်ဆင် တိုက်ခိုက်၍ သိမ်းယူခဲ့သည့် အချိန်လည်း ဖြစ်သည်။

၂၀၁၂ ခုနှစ်က အစိုးရနှင့် SSPP/SSA တို့အကြား ပဏာမ အပစ်အခတ် ရပ်စဲထားသော်လည်း တိုက်ပွဲများ ဆက်လက် ဖြစ်ပွားခဲ့ပြီးနောက် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားခဲ့သည်။

အလားတူ အောက်တိုဘာလ ၆ ရက်တွင် ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြိုကနယ် ပန်စံကျေးရွာနှင့် ပန်ဖျက်ကျေးရွာအကြား တအာင်းတပ်မတော်(TNLA) တပ်ဖွဲ့နှင့် အစိုးရ၏ တပ်မ ၇၇ တပ်ဖွဲ့တို့ ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွားခဲ့သည်ဟု TNLA က သတင်းထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required