ပင်နယ်တီပြစ်ဒဏ်ကို မကျေနပ်၍ ရခိုင်လူငယ်အသင်း ပွဲချိန်ပြည့် မကစားပဲ ကွင်းအတွင်းမှ ထွက်ခွာ

ပင်နယ်တီပြစ်ဒဏ်ကို မကျေနပ်၍ ရခိုင်လူငယ်အသင်း ပွဲချိန်ပြည့် မကစားပဲ ကွင်းအတွင်းမှ ထွက်ခွာ
၂၀၁၅ မြန်မာနေရှင်နယ်လိဂ်-၁ လူငယ်အမှတ်ပေးပြိုင်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်နေသည့် ရခိုင်လူငယ်အသင်း။ ဓာတ်ပုံ - RUFC

မြန်မာနေရှင်နယ်လိဂ် - ၁ လူငယ် အမှတ်ပေးပြိုင်ပွဲ ပွဲစဉ် တစ်ပွဲဖြစ်သည့် ရန်ကုန်အသင်းနှင့် ရခိုင်အသင်းတို့ ပွဲစဉ်တွင် ပွဲချိန် ၈၂ မိနစ်၌ ကွင်းလယ်ဒိုင်က ရန်ကုန်အသင်းဘက်သို့ ပင်နယ်တီပြစ်ဒဏ် ပေးခဲ့သည့်အပေါ် မကျေနပ်၍ ရခိုင်လူငယ်အသင်း ကွင်းအတွင်းမှ ထွက်ခွာသွားခဲ့ပြီး ပွဲဆက်လက် မကစားနိုင်တော့ပဲ ပွဲပျက်ခဲ့ရသည်။ အဆိုပါပွဲတွင် ကွင်းလယ်ဒိုင်အဖြစ် ဦးစိုးလင်းအောင်၊ အကူဒိုင်အဖြစ် ဦးမျိုးအောင်နှင့် ဦးဇော်ဇော်လတ်တို့က ဆောင်ရွက်ခဲ့ပြီး ပွဲကြီးကြပ်သူအဖြစ် ဦးကျော်မျိုးအောင် က တာဝန်ယူ ဆောင်ရွက်ခဲ့သည်။

“ မိနစ် ၈၀ မှာ ကျွန်တော်တို့ ကစားသမားတစ်ဦးကို ဒိုင်က အနီကတ်ပြခဲ့တယ်။ ဒီပြစ်ဒဏ်နဲ့ ပတ်သက်ပြီးတော့ ဘာမှ မပြောလိုပါဘူး။ ဒါပေမယ့် နောက်နှစ်မိနစ်ပဲ ကြာတယ် ဒိုင်က ပင်နယ်တီပေးလိုက် တယ်။ ဒါကြောင့် အသင်းက ဆက်မကစားဖို့ ဆုံးဖြတ်ပြီး ထွက်ခဲ့တာပါ။ ဖြစ်စဉ်နဲ့ ပတ်သက် ပြီးတော့ စည်းကမ်းထိန်းသိမ်းရေးကို အသင်းအနေနဲ့ စာတင်သွားမှာပါ။ ရလဒ် ပြောင်းလဲမလား။ ဘာဆက်ဖြစ် မယ်ဆိုတာတော့ မသိရသေးပါဘူး ” ဟု ရခိုင်ယူနိုက်တက်အသင်း မီဒီယာတာဝန်ခံ ကိုသက်ထူးနိုင်ဦး က ပြောသည်။

ရန်ကုန်အသင်းနှင့် ရခိုင်အသင်းတို့၏ အဆိုပါပွဲတွင် ပွဲချိန် မိနစ် ၈၀ ကျော်အထိ ဂိုးမရှိသရေ ဖြစ်နေခဲ့သော်လည်း မိနစ် ၈၀ တွင် ရခိုင်အသင်းမှ နေသူရအောင်ကို ကွင်းလယ်ဒိုင်က အနီကတ် ပြခဲ့သလို ၈၂ မိနစ်တွင် ရခိုင်အသင်းဘက်သို့ ပင်နယ်တီပြစ်ဒဏ် ပေးခဲ့သည့်အတွက် ရခိုင်အသင်းက ပွဲဆက်မကစားပဲ ကွင်းအတွင်းမှ ထွက်ခွာခဲ့ခြင်း ဖြစ်သည်။

ယင်းပွဲ ဖြစ်ရပ်များနှင့် ပတ်သက်၍ “ ကျွန်တော်တို့ ရန်ကုန်အသင်းအနေနဲ့တော့ ဘာမှလုပ်ဖို့ အစီအစဉ် မရှိပါဘူး။ အဖွဲ့ချုပ်နဲ့ စည်းထိန်းဘက်က ဘယ်လိုဆုံးဖြတ်မလဲ ဆိုတာပဲ စောင့်ကြည့်သွား မှာပါ။ ဒီဖြစ်ရပ်က ရခိုင်အသင်းမှရယ် မဟုတ်ပါဘူး။ မြန်မာ့ဘောလုံးမှာ ဒါမျိုး ခဏခဏ ဖြစ်နေတာ မကောင်းပါဘူး။ တာဝန်ရှိသူတွေအနေနဲ့ အားလုံးပူးပေါင်း ဆောင်ရွက်ပြီး အကောင်းဆုံးဖြစ်အောင် လုပ်ဆောင်စေချင်ပါတယ် ” ဟု ရန်ကုန်အသင်း မန်နေဂျာ ဦးကျော်လင်းထွေးက ပြောသည်။

ယခုနှစ် ၂၀၁၅ မြန်မာနေရှင်နယ်လိဂ်-၁ လူငယ်အမှတ်ပေးပြိုင်ပွဲ ပွဲစဉ် ၂၄ ၏ အခြားပွဲစဉ်အဖြစ် ရတနာပုံအသင်းက မနောမြေအသင်းကို ၃-၂ ဖြင့် အနိုင်ရကာ အမှတ်ပေးဇယား ထိပ်ဆုံးတွင် ယာယီ ဦးဆောင်ထားသည်။ ရန်ကုန်အသင်းက တစ်ပွဲလျော့ ရမှတ် ၄၉ မှတ်ဖြင့် ဒုတိယနေရာတွင် ရပ်တည် နေပြီး ရခိုင်အသင်းက ရမှတ် ၃၅ မှတ်ဖြင့် စတုတ္ထနေရာတွင် ရပ်တည်လျက် ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required