မွန်ညီညွတ်ရေးပါတီ တည်ထောင်ခွင့်ပြုကြောင်း ရွေးကော် ထုတ်ပြန်

မွန်ညီညွတ်ရေးပါတီ တည်ထောင်ခွင့်ပြုကြောင်း ရွေးကော် ထုတ်ပြန်
ဓာတ်ပုံ -  Mon National Party

ရန်ကုန် ၊ မေ ၁၈ ။           ။ ဒေသတွင်း မွန်အင်အားကြီးနှစ်ပါတီ ပေါင်းစည်းထားသည့် မွန်ညီညွတ်ရေးပါတီအား ဖွဲ့စည်းတည်ထောင် ခွင့်ပြုလိုက်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ မေ ၁၇ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း နည်းဥပဒေအရ ပါတီတည်ထောင်ခွင့်ရရှိသူများသည် ခေါင်းဆောင်တစ်ဦးနှင့် ဒုတိယခေါင်းဆောင်တစ်ဦးအား အမြန်ဆုံးရွေးချယ်တင်ပြရမည်ဖြစ်ပြီး မွန်ညီညွတ်ရေးပါတီ ခေါင်းဆောင်အဖြစ် နိုင်လယီတမ နှင့် ဒုတိယခေါင်းဆောင်အဖြစ် နိုင်စံတင်တို့အား ရွေးချယ်ထားကြောင်း သိရှိရသည်။

“မြို့နယ်အဆင့်ပေါင်းစည်းရေးက အားလုံးပြီးသွားပြီ။ မွန်တိုင်းရင်းသားနည်းတဲ့ ဘီးလင်းတော့ ကျန်ခဲ့တယ်။ အဲ့မှာတော့ စည်းရုံးရေးမှူးအနေနဲ့ပဲ ထားတယ်” ဟု မွန်ညီညွတ်ရေးပါတီ ဒုတိယခေါင်းဆောင် နိုင်စံတင်က မဇ္စျိမသို့ပြောသည်။

မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ၊ မွန်အမျိုးသားပါတီ နှင့် မွန်နိုင်ငံရေးစိတ်ဝင်စားသည့်သူများ ပူးပေါင်းပြီး မွန်ညီညွတ်ရေးပါတီအမည်ဖြင့် ပြောင်းလဲဖွဲ့စည်းရန် ရွေးကောက်ပွဲကော်မရှင်ထံသို့ ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလအတွင်းက လျှောက်ထားခဲ့ခြင်းလည်းဖြစ်သည်။

ယခင်က မွန်ပါတီ အမည်ဖြင့် ရွေးကောက်ပွဲကော်မရှင်ထံ ပါတီတည်ထောင်ခွင့် လျှောက်ထားခဲ့သော်လည်း ကော်မရှင်မှ လက်မခံသောကြောင့် မွန်ညီညွတ်ရေးပါတီအမည်ဖြင့် ပြောင်းလဲလျှောက်ထားခဲ့ခြင်းလည်းဖြစ်သည်။

ပါတီဝင်အင်အား တစ်သိန်းနီးပါးရှိပြီး မွန်ပြည်နယ်အတွင်း အင်အားကြီးပါတီတစ်ခုအဖြစ် ရပ်တည်လာမည့် မွန်ညီညွတ်ရေးပါတီသည် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD) ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(USDP) တို့နှင့်အဓိက ယှဉ်ပြိုင်သွားရမည် ဖြစ်သည်။

“မွန်ပြည်နယ်တစ်ခုလုံးဝင်ပြိုင်မယ်၊ ကရင်လည်းပါမယ်၊ တနင်္သာရီလည်းနည်းနည်းပါမယ်၊ မြန်မာပြည်တောင်ပိုင်းပေါ့။ ပဲခူးမှာလည်း တစ်ချို့နေရာတွေ ဝင်မယ်။ မွန်တိုင်းရင်းသားတွေ ရှိတဲ့နေရာတိုင်းမှာ ဝင်ပြိုင်မယ်” ဟု နိုင်စံတင်က ဆိုသည်။

မွန်ညီညွတ်ရေးပါတီကို ပါတီအသီးသီးမှ ကိုယ်စားလှယ် ၁၂၀ ဦး နှင့် မွန်အရပ်ဘက်လူမှုအဖွဲ့အစည်းများမှ ကိုယ်စားလှယ် ၂၀ ဦး စုစုပေါင်း ဗဟိုကော်မတီဝင် ၁၄ဝဦး ဖြင့် ဖွဲ့စည်းခဲ့ပြီး ယင်းတို့အထဲမှ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ၅၉ ဦး ၊ ဥက္ကဋ္ဌအဖွဲ့ ၄ ဦး ၊ အတွင်းရေးမှူး အဖွဲ့ ၆ ဦး ရွေးချယ်ဖွဲ့စည်းထားခြင်းလည်းဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly