လုံခြုံရေးတပ်ဖွဲ့များကို အန္တရာယ်ပြုလာ၍ ပစ်ခတ်လူစုခွဲခဲ့ရကြောင်း တပ်မတော်ဘက်မှ ပြော

လုံခြုံရေးတပ်ဖွဲ့များကို အန္တရာယ်ပြုလာ၍ ပစ်ခတ်လူစုခွဲခဲ့ရကြောင်း တပ်မတော်ဘက်မှ ပြော
Photo-Hein Htet/EPA

ရန်ကုန်၊ မေ ၂ ။     ။ ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ် ကျောက်တန်းရွာသားများအား ထိန်းသိမ်းစစ်ဆေးနေစဉ် လုံခြုံရေး တပ်ဖွဲ့ဝင်များကို အန္တရာယ်ပြုလာ၍ ပစ်ခတ်ထိန်းသိမ်းခဲ့ခြင်းဖြစ်သည်ဟု တပ်မတော်သတင်းမှန်ပြန်ကြားရေး ဒုဥက္ကဋ္ဌ ဗိုလ်ချုပ်ထွန်းထွန်းညီက မေ ၂ ရက် ညနေပိုင်းတွင် မဇ္ဈိမသို့ ပြောသည်။

ယနေ့ မေလ ၂ ရက်နေ့ နံနက်အစောပိုင်း ၁ နာရီကျော်ခန့်တွင် ထိန်းသိမ်းထားသူများမှ အုပ်စုဖွဲ့ကာ အော်ဟစ် ရန်ပြုလာ၍ လုံခြုံရေးတပ်ဖွဲ့များ တားမြစ်နေသည့်ကြားမှ အန္တရာယ်ပြုလာသည့်အနေအထားဖြစ်သောကြောင့် ပစ်ခတ်လူစုခွဲခဲ့ရသည်ဟု ၎င်းက ဆိုသည်။

“ အန္တရာယ်ပြုတဲ့အနေအထားမျိုး ရောက်လာတဲ့အတွက် လုပ်ထုံးလုပ်နည်းအတိုင်း အနားမကပ်ဖို့၊ မလုပ်ဖို့ ပြောတယ်။ မိုးပေါ်ထောင်ပြီး ပစ်ဖောက်တယ်။ ဒါပေမယ့် မရဘူး။ အန္တရာယ်ဝင်ပြီး ပြုတဲ့အတွက် ပစ်ခတ်ထိန်း သိမ်းပြီး လူစုခွဲရတဲ့ အခြေအနေမျိုး ဖြစ်တယ်လို့ သိရတယ်ဗျ။ ကျွန်တော် သိသလောက် ၆ ဦး သေတယ်။ ၈ ဦး လောက် ဒဏ်ရာရတယ်လို့ ပြောတယ် ” ဟု ဗိုလ်ချုပ်ထွန်းထွန်းညီက ပြောသည်။

ဧပြီ ၃၀ ရက်နေ့က ရသေ့တောင်မြို့နယ် ၊ ကျောက်တန်းကျေးရွာမှ အသက် ၁၅ နှစ် မှ ၅၀ နှစ်အတွင်း ရှိ မသင်္ကာဖွယ်ရာ အမျိုးသား ၂၇၅ ဦးကို တွေ့ရှိရသောကြောင့် ကျေးရွာစာသင်ကျောင်းတွင် ခေတ္တ ထိန်းသိမ်းထားပြီး တရားဥပဒေအရ အရေးယူနိုင်ရေးအတွက် လိုအပ်သည့် စစ်ဆေးမေးမြန်းမှုများကို ဆောင်ရွက်နေကြောင်း တပ်မတော်ဘက်မှ မေလ ၁ ရက်နေ့က ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် ဧပြီ ၂၈ ရက်က ဘူးသီးတောင်မြို့နယ် ဖုန်ညိုလိပ်ကျေးရွာတွင် အရှေ့တောင်ဘက် မီတာ ၁၂ဝဝဝ ခန့် အကွာ၌ AA အဖွဲ့၏ ယာယီလေ့ကျင့်ရေးစခန်း နေရာတစ်ခုအား တပ်မတော်မှ ရှင်းလင်းခဲ့သည်ဟု ထုတ်ပြန်ထားပြီးနောက် ဧပြီ ၃၀ ရက်နေ့တွင် ရသေ့တောင်မြို့နယ် ၊ ကျောက်တန်းကျေးရွာသို့ တပ်မတော်မှ ဝင်ရောက်စစ်ဆေးခဲ့ရာတွင် ယင်းသို့ အမျိုးသား ၂၇၅ ဦးကို တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

တပ်မတော်နှင့် AA အဖွဲ့တို့ထိတွေ့မှုရှိသည့် နေရာအနီးဝန်းကျင်ရွာများတွင် လူသူသိပ်မရှိကြသော်လည်း အဆိုပါကျောက်တန်းရွာတွင် မသင်္ကာစရာလူအများအပြားတွေ့ရ၍ စနစ်တကျစီစစ်မှုများ ပြုလုပ်ခဲ့ခြငင်း ဖြစ်သည်ဟု တပ်မတော်ဘက်မှ ပြောသည်။

“ သူတို့ဟာ သာမန်ပြည်သူလား၊  AA လား ကျွန်တော် တို့ကခွဲခြားဖို့ လိုအပ်လာတာပေါ့။ ရဲတပ်ဖွဲ့နဲ့ စနစ်တကျ စီစစ်မှုတွေလုပ်တာပါ” ဟု ဗိုလ်ချုပ်ထွန်းထွန်းညီက ဆိုသည်။

အဆိုပါ မသင်္ကာသဖြင့် ထိန်းသိမ်းထားသည်ဆိုသော လူ ၂၇၅ ဦးအနက် လူသေဆုံးမှုရှိကာ ဒဏ်ရာရရှိသူများ ရှိနေသည်ဟု သတင်းများ ကြားသိရခြင်းကြောင့် ကူညီပေးရန်လာသည့် လွှတ်တော်ကိုယ်စားလှယ်များလည်း ရွာအတွင်းသို့ ဝင်ရောက်ခွင့် မရရှိကြောင်း ရသေ့တောင်မြို့နယ်၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦး ဦးသန်းနိုင်က မေလ ၂ ရက် နံနက် ၁၁ နာရီခန့်က မဇ္ဈိမသို့ ပြောထားသည်။

ယင်းကိစ္စနှင့်ပတ်သက်ပြီး အန္တရာယ်ရှိနေနိုင်သည့်အနေအထားမျိုး ဖြစ်သည့်အတွက် ဝင်ခွင့် မပေးရသေးခြင်း ဖြစ်နိုင်ကြောင်း၊ လက်ရှိအချိန်ထိ တပ်မတော်မှ စစ်ဆေးနေဆဲသာ ဖြစ်ပြီး သာမန်ပြည်သူများပါဝင်နိုင်သကဲ့သို့ AA အဖွဲ့ဝင်များ လည်း ပါဝင်နေနိုင်သည်ဟု တပ်မတော်သတင်းမှန်ပြန်ကြားရေးမှ ဗိုလ်ချုပ်ထွန်းထွန်းညီက ဆိုသည်။

ရခိုင်ဒေသခံအရပ်ဘက်အဖွဲ့အစည်းများ၏ စာရင်းများအရ ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာနှောင်းပိုင်းမှ စတင်ကာ တပ်မတော်နှင့် AA အကြား ဖြစ်ပွားလာသော တိုက်ပွဲများအတွင်းစစ်ဘေးဒုက္ခသည် ၃၅၀၀၀ ကျော်ရှိနေပြီ ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly