မကွေးတွင် ကျောက်စရစ်နှင့်သဲများဝယ်ယူရာတွင် စံစျေးနှုန်းများ သတ်မှတ်

မကွေးတွင် ကျောက်စရစ်နှင့်သဲများဝယ်ယူရာတွင် စံစျေးနှုန်းများ သတ်မှတ်

မကွေး၊ ဧပြီ ၂၁ ။     ။ မကွေးမြို့တွင် ကျောက်စရစ်နှင့်သဲများ ဝယ်ယူရာတွင် စံစျေးနှုန်းများ( တစ်သတ်မတ်တည်းစျေးနှုန်း) ကို သတ်မှတ်ပေးထားပြီးဖြစ်ကြောင်း မကွေးတိုင်းဒေသကြီး ဆိပ်ကမ်းများ၊ သင်္ဘောဆိပ်များ၊ ဆိပ်ခံများ စီမံခန့်ခွဲမှုကော်မတီအဖွဲ့မှ သိရသည်။

“ ထုတ်လုပ်စရိတ်က ဘယ်လောက်ရှိတယ်။ အရင်းဘယ်လောက်၊ အမြတ်ဘယ်လောက်ရှိတယ်။ နောက်ပြီး သယ်ခ စသဖြင့်ပေါ့။ နောက်ပြီး ကျောက်စရစ်လုပ်ငန်းလုပ်ကိုင်သူတွေ ၊ အလုပ်သမားတွေရဲ့ သာရေး၊ နာရေး ရန်ပုံငွေတွေ ရှိမယ်။ နိုင်ငံတော်ကို ဆောင်ရမဲ့အခွန်တွေ ရှိမယ်။ ဒါတွေကို တွက်ချက်ပြီး မကွေးမှာ ကျောက်စရစ်တစ်ကျင်းရဲ့ စံစျေးနှုန်းကို သတ်မှတ်ပေးထားပါတယ်။ ပစ္စည်းသယ်ယူပို့ဆောင်တဲ့အခါမှာလည်း ဇုန်အပိုင်းအခြားအလိုက် စျေးနှုန်းသတ်မှတ်ပေးထားပါတယ်။ ဒါကလည်း လုပ်ငန်းရှင်အားလုံးရဲ့ သဘောတူညီချက်နဲ့ သတ်မှတ်တာပါ” ဟု မကွေးတိုင်းဒေသကြီး ဆိပ်ကမ်းများ၊ သင်္ဘောဆိပ်များ၊ ဆိပ်ခံများ စီမံခန့်ခွဲမှုကော်မတီအတွင်းရေးမှူးဖြစ်သူ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ၊ မကွေးတိုင်းဦးစီးမှူး ဦးဇော်လွင်က ပြောသည်။

ကျောက်စရစ်တစ်ကျင်းအတွက် ထုတ်လုပ်စရိတ် ၁၆ဝဝဝကျပ် ၊ တင်ဆောင်ခ ၂၀၀၀ ကျပ် ၊ အခွန် ၂၅ဝဝကျပ် နှင့် အသားတင်အမြတ်တို့ကို ထည့်သွင်းတွက်ချက်ကာ ကျောက်စရစ်တစ်ကျင်း ၂၃ဝဝဝကျပ် သတ်မှတ်ထား ပြီး သဲတစ်ကျင်း စျေးနှုန်းကိုလည်း ၇၀၀၀ ကျပ် သတ်မှတ်ထားသည်။

လုပ်ငန်းရှင်မှ တိုက်ရိုက်ပို့ဆောင်ရောင်းချသည်ဖြစ်စေ ၊ အခြားတစ်ဆင့်ခံ သယ်ယူပို့ဆောင်ရောင်းချသူက ရောင်းချသည်ဖြစ်စေ သတ်မှတ်စံစျေးနှုန်းတစ်ခုတည်းဖြစ်စေရန် ညွှန်ကြားထားကြောင်း ၊ လုပ်ငန်းရှင်များ ဘက်မှ စျေးနှုန်းချ၍ ရောင်းချခြင်းကြောင့် အခြားလုပ်ငန်းလုပ်ကိုင်သူများ၏ လုပ်ငန်းဆောင်တာများလည်း ရပ်တန့်မသွားစေရန် သင့်တင့်မျှတသော စျေးနှုန်း သတ်မှတ်ရခြင်းဖြစ်ကြောင်း တိုင်းဦးစီးမှူး ဦးဇော်လွင် က ရှင်းပြသည်။

“ စျေးနှုန်းက တစ်ပြေးညီဖြစ်ရမယ်။ စျေးနှုန်းနဲ့ပတ်သက်ပြီး ကားသမားစည်းကမ်းဖောက်ရင်လည်း ယာဉ်မောင်း ရော ၊ ယာဉ်ပိုင်ရှင်ပါ အရေးယူမယ်။ အားသာတဲ့သူက လွှမ်းမိုးသွာမျိုးမဖြစ်အောင် လုပ်သွားပါမယ်။ လုပ်ငန်း လုပ်ကိုင်သူအားလုံး သာတူညီမျှလုပ်နိုင်အောင် ကြိုးစားနေပါတယ်။ မကွေးတိုင်းအတွင်းမြို့နယ် ၂၅ မြို့နယ် ထဲက ၂၂ မြို့နယ်မှာ ကော်မတီတွေ ဖွဲ့ပြီးသွားပါပြီ ” ဟု ဦးဇော်လွင်က ဆိုသည်။

ထုတ်လုပ်မှုဆိုင်ရာ လွယ်ကူခက်ခဲမှုအလိုက် စျေးနှုန်းကွာခြားချက်များရှိနေခြင်းကြောင့် တစ်တိုင်းလုံးတွင် တစ်ပြေးညီစျေး မဖြစ်နိုင်ကြောင်း ၊ ပစ္စည်းတင်ဒါခေါ်ယူသည့်အခါတွင် အဆမတန်စျေးနှုန်းတင်ခြင်းများရှိနေပြီး လုပ်ငန်းရှင် တစ်ဦးတစ်ယောက်က စျေးနှုန်းထိန်းချုပ်ခြင်းမျိုးမဖြစ်စေရန်နှင့် လုပ်ငန်းရှင်များ ၊ သုံးစွဲသူများ မျှတသော အကျိုးအမြတ်ကို ခံစားခွင့်ရရန် မြို့နယ်အသီးသီးတွင်ဖွဲ့စည်းထားသော ဆိပ်ကမ်းများ၊ သင်္ဘောဆိပ်များ၊ ဆိပ်ခံများ စီမံခန့်ခွဲမှုကော်မတီများက ကြပ်မတ်ထိန်းညှိသွားမည်ဖြစ်ကြောင်း မကွေးတိုင်းဒေသကြီး ဆိပ်ကမ်းများ၊ သင်္ဘောဆိပ်များ၊ ဆိပ်ခံများ စီမံခန့်ခွဲမှုကော်မတီအဖွဲ့ထံက သိရသည်။
သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required