လေပြင်းတိုက်ပြီး လွှတ်တော်အဆောင် မှန်ကွဲခြင်းအပါအဝင် နေရာအချို့ ထိခိုက်ပျက်စီး

လေပြင်းတိုက်ပြီး လွှတ်တော်အဆောင် မှန်ကွဲခြင်းအပါအဝင် နေရာအချို့ ထိခိုက်ပျက်စီး

ဧပြီ ၁၈ ။        ။ နေပြည်တော်ကောင်စီနယ်မြေတွင် ဧပြီလ ၁၇ ရက်နေ့ ညနေပိုင်းက လေပြင်းတိုက်ခတ်မှုကြောင့် လွှတ်တော်မှ မှန်ချပ် ၁၆ ချပ် ပျက်စီးခဲ့ပြီး အခြားနေရာများပါ ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

ယမန်နေ့ ညနေ ၄ နာရီ ၃၀ မိနစ် အချိန် လေပြင်းတိုက်ခတ်မှုကြောင့် လွှတ်တော်ရှိ ကြိုးတံတား(၁) အပြင်ဂိတ် ဝင်/ထွက်မောင်းတံ၂ခု ကျိုးခြင်း၊ အပြင်ဘက် သံပန်းခြံစည်းရိုး ၁ ချပ် ပြုတ်ထွက်ခြင်း လွှတ်တော် (B/C/D/ F/G) ဆောင်တို့မှ မှန် ၁၆ချပ် ပျက်စီးခဲ့ကြောင်း သတင်း/ပြန်ကြားရေးမှ သိရသည်။

ထို့ပြင် ဇမ္ဗူသီရိမြို့နယ် ဇေယျသိဒ္ဓိရပ်ကွက်၊ ပညာသိဒ္ဓိရပ်ကွက်နှင့် မင်္ဂလာသိဒ္ဓိရပ်ကွက်တို့၌ မီးတိုင် ၅ တိုင် လဲကျခဲ့ပြီး အုန်းပင်လဲကျပိမိ၍ ယာဉ် ၁ စီး အမိုးပျက်မှန်ကွဲကာ ပျက်စီးခဲ့သည်။

ပုဗ္ဗသီရိမြို့နယ် နေပြည်တော်ဘူတာကြီး အပေါ်လေကာ မှန် ၁ ချပ် ကွဲ ပျက်စီးခြင်း၊ ဒက္ခိဏသီရိမြို့နယ် ကျွဲတဲကျေးရွာ၌ နေအိမ် ၁ လုံး အမိုးလန် ပျက်စီးခြင်း၊ ဥတ္တရသီရိမြို့နယ် ဇဝနသိဒ္ဓိ ရပ်ကွက်ပါ ၂ ရပ်ကွက်၌ Ocean စူပါမားကပ်၏ နံရံအစိတ်အပိုင်းများ ကွာကျခြင်း၊ နေအိမ် ၇ လုံး အမိုးလန် ပျက်စီးခြင်း ဖြစ်ပေါ်ခဲ့သည်။

ပျဉ်းမနားမြို့နယ် ရွာကောက် ရပ်ကွက်၌ ဖုန်းတိုင် ၁ တိုင်နှင့် မီးတိုင် ၁ တိုင် လဲကျခဲ့၍ ပျက်စီးခြင်း၊ လယ်ဝေး မြို့နယ် မြောင်သာယာ ကျေးရွာ၌ နေအိမ် ၉ လုံး အမိုးလန် ပျက်စီးခြင်းနှင့် တပ်ကုန်းမြို့နယ် ထန်းတောကြီး ကျေးရွာ၌ နေအိမ် ၂ လုံး၊ ဘုန်းကြီးကျောင်း မီးဖိုဆောင် ၁ ဆောင် အမိုးလန် ပျက်စီးခြင်းများ ဖြစ်ပွားခဲ့သည်ဟု MOI သတင်းထုတ်ပြန်ချက်အရ သိရသည်။

ဧပြီလ ၁၇ ရက်နေ့ ညနေပိုင်းများတွင် ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီး၊ မကွေးတိုင်းဒေသကြီး၊ ဆင်ပေါင်ဝဲမြို့နယ်နှင့် ရှမ်းပြည်နယ်၊ ဆီဆိုင်မြို့နယ်တို့တွင် လေပြင်းများ တိုက်ခတ်ခဲ့ကြောင်း သိရသည်။

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်ဒါလီကျေးရွာသို့ မီးတိုင် ၃ တိုင် လဲကျခဲ့ပြီး မကွေးတိုင်းဒေသကြီး၊ ဆင်ပေါင်ဝဲမြို့နယ် ကျောက်ဆောင်စမ်း ကျေးရွာ၌ စာသင်ကျောင်း ၂ ကျောင်း၊ နေအိမ် ၂၅ လုံး အမိုးလန် ပျက်စီးခဲ့သည်။

ရှမ်းပြည်နယ်၊ ဆီဆိုင်မြို့နယ် နောင်လုံကျေးရွာ၌ ဘုန်းကြီးကျောင်း ၁ ကျောင်း၊ အခြေခံပညာမူလတန်းကျောင်း ၁ ကျောင်း၊ နေအိမ် ၄၀ လုံး အမိုးလန် ပျက်စီးခဲ့ကာ ဧပြီလ ၁၆ ရက်နေ့ ညပိုင်းကလည်း လေပြင်းတိုက်ခတ်မှု ကြောင့် ကန့်ဘလူခရိုင် စစ်ကိုင်းတိုင်းဒေသကြီး ကျွန်းလှမြို့နယ် ရွာကုန်းကြီးကျေးရွာ၌ နေအိမ် ၃၆ လုံး၊ ဘုန်းကြီးကျောင်း ၁ ကျောင်း အမိုးလန် ပျက်စီးခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required