ဒါကာ၊ အောက်တိုဘာ ၅ ။ ။ နိုင်ငံခြားသားနှစ်ဦးကို သတ်ဖြတ်လိုက်သည်ဆိုသည့် အိုင်အက်စ်အုပ်စု၏ ပြောကြားချက်ကို ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ခ်ဟာဆီနာက ပယ်ချလိုက်သည်။ သတ်ဖြတ်မှုများနောက်ကွယ်တွင် အိုင်အက်စ်စစ်သွေးကြွအုပ်စုရှိနေမှုကို အတည်ပြုရန် အထောက်အထားမရှိသေးကြောင်းလည်း ရဲတပ်ဖွဲ့က ပြောကြားထားသည်။
သီတင်းတစ်ပတ်မကျော်မီကာလအတွင်း သတ်ဖြတ်ခံရသော ဒုတိယမြောက်နိုင်ငံခြားသားအဖြစ် အသက် ၆၆ နှစ်အရွယ် ဂျပန်နိုင်ငံသား ဟိုရှီကူနီယို ဘင်္ဂလားဒေ့ရှ်မြောက်ပိုင်းတွင် ပစ်သတ်ခံရပြီးနောက် တစ်ရက်အရာ ရှိတ်ခ်ဟာဆီနာဒ၏ ပြောကြားချက်ထွက်ပေါ်ခဲ့ခြင်းဖြစ်သည်။
အသက် ၅၀ ရှိအီတလီနိုင်ငံသား ဆီဇာရေတာဗဲလားသည်လည်း လွန်ခဲ့သည့် သီတင်းပတ်က ဒါကာမြို့၏ သံတမန်ရပ်ကွက် အနီး လုပ်ကြံသတ်ဖြတ်ခံခဲ့ရသည်။ ယင်းလုပ်ကြံမှုမှာ ၎င်းတို့လက်ချက်ဟု အိုင်အက်စ်တို့က ပြောသည်။
"အခုအချိန်အထိ အိုက်အက်စ်တွေရဲ့ တစ်စုံတစ်ရာပတ်သက်မှုကို ကျမတို့မတွေ့ရသေးပါဘူး။ စုံစမ်းစစ်ဆေးရဦးမှာပါ"ဟု ဟာဆီနာက ၎င်း၏ရုံးခန်းတွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်များကို ပြောသည်။ "ကျမတို့ ဘာသဲလွန်စမှ မရသေးပါဘူး။ တစ်စုံတစ်ယောက်က သူ့လက်ချက်ပါလို့ပြောရင် ကျမတို့ဒါကို ဘာလို့လက်ခံရမှာလဲ"ဟု ၎င်းကဆိုသည်။
အိုင်အက်စ်ကဲ့သို့ အုပ်စုများသည် ၎င်း၏နိုင်ငံတွင် လှုပ်ရှားခြင်းမရှိဟု ဝန်ကြီးချုပ်က ဆိုသည်။ "ကျမတို့ရဲ့ထောက်လှမ်းရေးအေဂျင်စီတွေက တက်ကြွနိုးကြားမှုရှိပါတယ်။ ဘင်္ဂလားဒေ့ရှ်မှာ ဒီလိုအဖွဲ့အစည်း မျိုးတွေရဲ့ လှုပ်ရှားမှုကို ကျမတို့ခွင့်ပြုမှာ မဟုတ်ပါဘူး"ဟု ဟာဆီနာက ပြောသည်။
အီတလီနိုင်ငံသား အကူအညီပေးရေးလုပ်သား တာဗဲလားသည် စက်တင်ဘာ၂၈ က တိုက်ခိုက်သူများက သေနတ်ဖြင့် သုံးချက်ပစ်ပြီးနောက် မော်တော်ဆိုင်ကယ်ဖြင့် ထွက်ပြေးသွားခဲ့သည်။ လုံခြုံရေး ဆိုင်ရာစိုးရိမ်မှုများကို ငြိမ်သက်စေရန် ကြိုးပမ်းသည့်အနေဖြင့် ဘင်္ဂလားဒေ့ရှ်အစိုးရက ယင်းဖြစ်ရပ်မှာ အိုင်အက်စ်လက်ချက်မဟုတ်ဘဲ သီးခြားဖြစ်ရပ်သာ ဖြစ်သည်ဟု ထုတ်ပြန်ခဲ့သည်။
ဂျပန်နိုင်ငံသား ကူနီယိုလည်း ရန်ပူရ်ခရိုင် ကောင်နီယာမြို့တွင် လန်ခြားစီး၍ သွားလာနေစဉ် အမည်မသိတိုက်ခိုက်သူသုံးဦးက မော်တော်ဆိုင်ကယ်ပေါ်မှ ပစ်သတ်သွားခဲ့သည်။
နိုင်ငံတွင် အိုင်အက်စ်မရှိသော်လည်း သတ်ဖြစ်မှုနှစ်ခုမှာ ဆက်စပ်မှုရှိနိုင်သည်ဟု ပြည်ထဲရေးဝန်ကြီး အာဆာဒတ်ဇာမန်ခန်းကမဲလ်က ပြောသည်။ သတ်ဖြတ်မှုများနှင့် ပတ်သက်၍ မသင်္ကာသူများကို ရဲတပ်ဖွဲ့က စစ်ဆေးမေးမြန်းလျက်ရှိကြောင်း သိရသည်။