ဂြိုဟ်တုဖျက်ဒုံးကျည် အောင်မြင်မှုကို ရှေ့တန်းတင်ပြီး အိန္ဒိယဝန်ကြီးချုပ် ရွေးကောက်ပွဲ မဲဆွယ်မှု တိုက်ပွဲစဉ်ကို စတင်

ဂြိုဟ်တုဖျက်ဒုံးကျည် အောင်မြင်မှုကို ရှေ့တန်းတင်ပြီး အိန္ဒိယဝန်ကြီးချုပ် ရွေးကောက်ပွဲ မဲဆွယ်မှု တိုက်ပွဲစဉ်ကို စတင်
Photo: AFP

နယူးဒေလီ၊ မတ် ၂၉ ။    ။ အိန္ဒိယ ဝန်ကြီးချုပ် နာရန္ဒြာမိုဒီဟာ နေရာသုံးနေရာမှာ ရွေးကောက်ပွဲ မဲဆွယ်ရေး တိုက်ပွဲစဉ်ကို မတ် ၂၉ ရက်မှာ စတင်လိုက်ပါတယ်။

ထောင်ပေါင်းများစွာသော လူအုပ်ကြီး သုံးအုပ်ကို မိုဒီက မဲဆွယ်စည်းရုံးရာမှာ ဂြိုဟ်တုဖျက် လက်နက် စမ်းသပ်ဖို့နဲ့ ပါကစ္စတန်က အကြမ်းဖက်စခန်းတွေကို ဗုံးကြဲဖို့ သူ့ရဲ့ ဆုံးဖြတ်ချက်ကို မဲပေးပြည်သူတွေက အသိအမှတ်ပြု ဆုလာဘ်ပေးအပ်လိမ့်မှာ ဖြစ်တယ်လို့ အောင်ပွဲညာသံနဲ့အတူ ပြောဆိုကြေညာလိုက်ပါတယ်။

ခုလ အစောပိုင်းမှာ ရွေးကောက်ပွဲ ကြေညာပြီးချိန်ကစပြီး ဟိန္ဒူအမျိုးသားရေးခေါင်းဆောင် မိုဒီဟာ သူ့ရဲ့ ပထမဆုံး တရားဝင်မဲဆွယ်စည်းရုံးမှုမှာ မြောက်ပိုင်းမြို့သုံးမြို့က ထောက်ခံသူ ထောင်သောင်းများစွာကို မိန့်ခွန်းပြောကြားခဲ့တာပါ။

အိန္ဒိယနိုင်ငံအနေနဲ့ တရုတ်၊ ရုရှားနဲ့ အမေရိကန်တို့ကို စစ်ရေး ပုခုံးချင်း ယှဉ်လိုက်နိုင်တာဖြစ်တဲ့ ပဲ့ထိန်းဒုံးကျည် သုံးပြီး ကမ္ဘာဂြိုဟ်ပတ်လမ်းအနိမ့်က ဂြိုဟ်တုတစ်လုံးကို အောင်မြင်စွာ ပစ်ခတ်ဖျက်ဆီးပြီး နောက်တစ်ရက်မှာပဲ အသက် ၆၈ နှစ်ရှိ မိုဒီက နိုင်ငံရေးမဲဆွယ်ပွဲကို စတင်လိုက်တာပါ။

ဒါအပြင်လည်း ဆယ်စုနှစ်တွေအတွင်း ပထမဆုံးအဖြစ် ပါကစ္စတန်ရဲ့ ပိုင်နက်ထဲ အကြမ်းဖက်စခန်းတွေကို အိန္ဒိယစစ်လေယာဉ်တွေ ဝင်ရောက်ဗုံးကြဲအပြီး တစ်လအတွင်းမှာလည်း ဖြစ်ပါတယ်။ အဲဒီလို ဝင်ရောက်ဗုံးကြဲတာကြောင့် နျူကလီးယားပိုင် နှစ်နိုင်ငံကြားမှာ တင်းမာမှု အရှိန် မြင့်မားခဲ့ရပါတယ်။

ပြန်လည်နိုးကြားလာတဲ့ အတိုက်အခံတွေရဲ့ မြဲမြံတဲ့ တိုက်ခိုက်မှုတွေအောက်ကပဲ စီးပွားရေးမှာလည်း စံတင်အောင် စွမ်းဆောင်ထားနိုင်တဲ့ မိုဒီဟာ ဂြိုဟ်တုဖျက်ဒုံးကျည် စမ်းသပ်တာနဲ့ ပါကစ္စတန်မှာ ဗုံးကြဲခဲ့တဲ့ ဆုံးဖြတ်ချက်တွေဟာ အားကောင်းတဲ့ ခေါင်းဆောင်အဖြစ် သူ့ရဲ့ စွမ်းရည်သတ္တိကို သက်သေပြနေတာပဲဖြစ်တယ်လို့လည်း ပြောဆိုခဲ့ပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required