ခူမီး(ခမီး) အမျိုးသားပါတီ၏ မူဝါဒ သဘောထား

ခူမီး(ခမီး) အမျိုးသားပါတီ၏ မူဝါဒ သဘောထား

နေပြည်တော် စက်တင်ဘာ ၃၀ ။           ။ ခူမီး(ခမီး)အမျိုးသားပါတီဥက္ကဋ္ဌ ဦးကျော်ထွန်းက  ၎င်းတို့ပါတီ၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်စဉ်စသည်တို့ကို စက်တင်ဘာ ၃၀ ရက်နေ့ ညပိုင်းက ရေဒီယိုနှင့် ရုပ်မြင်သံကြားအစီစဉ်များမှ ဟောပြော တင်ပြခဲ့ပါသည်။အဆိုပါဟောပြောတင်ပြချက် အပြည့်စုံမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

ပြည်ထောင်စုတိုင်းရင်းသား မဲဆန္ဒရှင်များခင်ဗျား -

ပြည်ထောင်စုတိုင်းရင်းသားပြည်သူအပေါင်း ရွှင်လန်းချမ်းမြေ့ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းရင်း နှုတ်ခွန်းဆက်သအပ်ပါတယ်။ ကျွန်တော်ကတော့ ချင်းပြည်နယ် ပလက်ဝမြို့မှာအခြေစိုက် ဖွင့်လှစ် ထားတဲ့ ခူမီး(ခမီး)အမျိုးသားပါတီဥက္ကဋ္ဌ အရိုင်ဆိုရိုဒ် ဦးကျော်ထွန်းဖြစ်ပါတယ်။ (ပါတီမူဝါဒလုပ်ငန်းစဉ်ကိုမတင်ပြမီ ခူမီးတိုင်းရင်းသားလူမျိုးရဲ့သမိုင်းကြောင်းကို ဦးစွာအကျဉ်းချုပ်ပြီး တင်ပြလိုပါတယ်။)

ခူမီးတိုင်းရင်းသားတွေဟာ အင်္ဂလိပ်နယ်ချဲ့လက်အောက်မကျရောက်မီရှည်ကြာသောသမိုင်းကာလအတွင်း ခူမီးလူမျိုး၊မျိုးနွယ်စုအကြီးအကဲဖြစ် သော အရိုင်တို့က မိမိတို့မျိုးနွယ်စုအလိုက် လွတ်လပ်စွာစီမံ အုပ်ချုပ်ခဲ့ကြ ပါတယ်။ ခူမီးလူ့အဖွဲ့အစည်းတစ်ခုလုံးနှင့်ဆိုင်သော အရေးအရာများကိုမျိုးနွယ်စုအကြီးအကဲ အရိုင်တို့က ပူးပေါင်းဆောင်ရွက်ခဲ့ကြပါတယ်။ ခူမီးလူမျိုးတို့၏ လွတ်လပ်သောကိုယ်ပိုင် အုပ်ချုပ် ခွင့်နှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်သည် ၁၉၁၆ ခုနှစ်အထိတည်ရှိခဲ့ပါတယ်။ ၁၈၂၆ ခုနှစ်အလွန်တွင်အင်္ဂလိပ်နယ်ချဲ့တို့သည် ရခိုင်မှတစ်ဆင့်ခူမီးဒေသကို တိုက်ခိုက်ခဲ့ပါတယ်။ခူမီးတိုင်းရင်းသားတို့၏ ခုခံတိုက်ခိုက် မှုကြောင့် အလွယ်တကူသိမ်းပိုက်နိုင် ခြင်းမရှိဘဲ (၁၈၇၆)တွင် စတုရန်းမိုင် ၁၅၀၀ ကိုသာသိမ်းနိုင်ခဲ့ပြီး ၁၉၀၇တွင် စတုရန်းမိုင် ၂၀၀၀ အထိသာ သိမ်းပိုင်နိုင်ခဲ့ပါတယ်။ ၁၉၃၈ ခုနှစ်ရောက်မှ ခူမီးနယ်မြေ တစ်ခုလုံး ၃၁၇၆ စတုရန်းမိုင်ကိုသိမ်းနိုင်ခဲ့ပါတယ်။

အင်္ဂလိပ်နယ်ချဲ့လက်အောက်တွင် ခူမီးဒေသကို မြောက်ပိုင်းရခိုင်တောင်တန်းခရိုင်အမည်ဖြင့် အုပ်ချုပ်စီမံခဲ့ပါတယ်။ ၁၈၇၀ ခုနှစ် စတက်ကျုအရဥပဒေပြုအာဏာလုပ်ပိုင်ခွင့်အတွင်းထည့်သွင်းကာ ရခိုင်တောင်တန်း တရာမဥပဒေ (၁၈၇၄)နှင့် ရခိုင်တောင်တန်းစည်းမျဉ်းဥပဒေ ၁၉၁၆ တို့ကိုပြဋ္ဌာန်းခဲ့ပါတယ်။ တောင်တန်းဒေသ အပိုင်း(၁) နယ်မြေ(၁၀)ခုတွင်ပါဝင်သော နယ်မြေတစ်ခုဖြစ်ပါတယ်။

၁၉၄၇ ပင်လုံစာချုပ်အပြီးတွင်တောင်တန်းဒေသစုံစမ်းရေးကော်မတီ၏ မေးမြန်းချက်နှင့်ပတ်သက်၍ ချင်းတောင်တန်းခရိုင်မှ ခေါင်းဆောင်များနှင့် ရခိုင်တောင်တန်းခရိုင်မှ ခေါင်းဆောင်တို့ ညှိနှိုင်းသဘော တူညီချက်အရ ပူးပေါင်းခဲ့ပါတယ်။ ၁၉၄၇ အခြေခံဥပဒေပုဒ်မ ၁၉၆ ဖြင့် ချင်းတောင်တန်းခရိုင်နှင့် ရခိုင်တောင်တန်း ခရိုင်ပါဝင်သော ချင်းဝိသေသတိုင်းရှိရမည်ဟု အတိအလင်းပြဋ္ဌာန်းခဲ့ပါတယ်။

လွတ်လပ်ရေးရသည်မှစ၍ ပလက်ဝမြို့နယ်အဖြစ်သာပေးထားသဖြင့် ခရိုင်အုပ်ချုပ်ရေးအဆင့်ပျောက်ဆုံးခဲ့ရပါတယ်။ ပြည်နယ်ရုံး၊ ခရိုင်ရုံးတို့မှအုပ်ချုပ်ရေးအလှမ်းမမီမှုကြောင့် စစ်အစိုးရတက်လာတိုင်း ရခိုင်ပြည်နယ်အုပ်ချုပ်မှုအောက်သို့ရောက်ရှိခဲ့ပါတယ်။ ခုထိအချို့ဌာနတွေကို ရခိုင်ပြည်နယ်အောက် ထားရှိခဲ့ပါတယ်။

ထိုအခြေအနေများကြောင့်လည်း ပလက်ဝမြို့နယ်ဟာ ချင်းပြည်နယ်မှာဖွံ့ဖြိုးမှုအနိမ့်ကျဆုံး ပညာရေးအနိမ့်ကျဆုံးမြို့နယ်အဖြစ် စစ်တမ်းထွက်လာပါတယ်။ ခူမီးတိုင်းရင်းသားနှင့် ခူမီးဒေသဟာပြည်ထောင်စုရဲ့ အမေ့လျော့ခံနယ်မြေ၊ လျစ်လျုရှုခံလူမျိုးဖြစ်လာခဲ့ပါတယ်။ အခြားတိုင်းရင်းသားလူမျိုးတို့၏ လွှမ်းမိုးမှုအရိပ်မည်းကြီးအောက်တွင် အမျိုးသားအင်္ဂါရပ်လက္ခဏာများနှင့် ခူမီးပုံရိပ်မှေးမှိန်နိမ့်ကျလာပါတယ်။ ခူမီးလူမျိုးအလွှမ်းမိုးခံ၊ ဝါးမျိုခံနေရသဖြင့် လူမျိုးပျောက်မည်ကိုစိုးရိမ်နေရသော အခြေအနေဖြစ်ပါတယ်။ (ဒါကတော့ ခူမီးလူမျိုးသမိုင်းကြောင်းနှင့် အခြေအနေ တစ်စိတ်တစ်ပိုင်းဖြစ်ပါတယ်။)

မဲဆန္ဒရှင်ပြည်သူများခင်ဗျား -

ခူမီးအမျိုးသားပါတီရဲ့ရည်ရွယ်ချက်၊ မူဝါဒလုပ်ငန်းစဉ်များကို ဆက်လက် တင်ပြပါမယ်။

ပါတီမူဝါဒကတော့

(၁) ခူမီးတိုင်းရင်းသား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိရေး

(၂) ခူမီးဒေသ ပလက်ဝတွင်နေထိုင်ကြသော ဌာနေတိုင်းရင်းများဖွံ့ဖြိုးတိုးတက်ရေး

(၃) ဒီမိုကရေစီနှင့် ပင်လုံကိုအခြေခံသော ပြည်ထောင်စုစနစ်ပေါ်ပေါက်ရေးတို့ဖြစ်ပါတယ်။

ပါတီရဲ့ရည်ရွယ်ချက်နှင့်လုပ်ငန်းစဉ်တွေကတော့

(၁) ခူမီးတိုင်းရင်းသားဒေသဖြစ်သော ပလက်ဝမြို့နယ်ကို ခရိုင်အုပ်ချုပ်ရေးအဆင့် တိုးမြှင့်ခွင့်ရရှိရန်ဆောင်ရွက်နေပါတယ်။ ဆက်လက်ပြီးတော့လည်း ဆောင်ရွက်သွားပါမယ်။

(၂) နိုင်ငံရေးအရ ချင်းပြည်နယ်မှာ ခူမီးတိုင်းရင်းသားရေးရာဝန်ကြီးတစ်ဦးရရှိရေးနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိရေးကိုအစဉ်တစိုက်ဆောင်ရွက်သွားရန်ဖြစ်ပါတယ်။

(၃) ပညာရေးနှင့်လူထုကျန်းမာရေးကို အထူးတိုးမြှင့်ဆောင်ရွက်သွားပါမယ်။ နယ်စပ်ဒေသနှင့် ဝေးလံခက်ခဲဒေသ ကျေးလက်များကို အလေးထားဆောင်ရွက်သွားပါမယ်။

(၄) လူငယ်များအလုပ်အကိုင်အခွင့်အလမ်းရရှိရေးနှင့် မြို့နယ်ပြင်ပ ပြည်တွင်း/ပြည်ပ သွားရောက်လုပ်ကိုင်သူတို့၏အခက်အခဲကို ကူညီဆောင်ရွက်ပေးမည်။

(၅) ဒေသစီးပွားရေးနှင့် ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေးနှင့်အဓိကလိုအပ်သော လမ်းတံတားပို့ဆောင်ရေး၊ ဆက်သွယ်ရေး ကောင်းမွန်ချောမွေ့စေရန်နှင့် လျှပ်စစ်ဓာတ်အား၊ အရင်းအနှီးချေးငွေ ရရှိရေးဆောင်ရွက်မည်။ အထူးလိုအပ်နေသော ပလက်ဝ-သံထောင်ကားလမ်းဖောက်လုပ်ရေးကိုကြိုးပမ်းဆောင်ရွက်သွားမည်။

(၆) နယ်စပ်ကုန်သွယ်ရေးစခန်းများဖွင့်လှစ်ရန်နှင့် နယ်စပ်ဖြတ်ကျော် မတရားဝင်ရောက်မှု၊ ဥပဒေမဲ့ရွေ့ပြောင်း အခြေချနေထိုင်မှုတို့မှ ကာကွယ်သွားမည်။ တရားဥပဒေစိုးမိုးမှုကို ဆောင်ရွက်သွားမည်။

(၇) ပလက်ဝမြို့ကိုမြို့ပြစီမံကိန်း တောင်းပလန်ရေးဆွဲ၍မြို့အင်္ဂါရပ်နှင့်ညီညွတ်လှပအောင် ပြုပြင်ခြင်း၊ တိုးချဲ့ခြင်းဆောင်ရွက်မည်။

(၈) စိုက်ပျိုးရေး၊ မွေးမြူရေးကိုအထူးအားပေးမည်။ ဈေးကွက်ရရှိရေး ဒေသထွက်သီးနှံများကို အဆင့်မြှင့်တင်ပို့နိုင်ရေး၊အရင်းအနှီးရရှိနိုင်ရေးကို ဆောင်ရွက်ပေးခြင်းဖြင့် တိုင်းရင်း သားတို့ဝင်ငွေတိုးအောင်ဆောင်ရွက်ပေးမည်။

(၉) သဘာဝပတ်ဝန်းကျင်ပျက်စီးနေမှုများကို ထိန်းသိမ်းကာကွယ်ရပါမယ်။ တရားဥပဒေစိုးမိုးရေးကို ဆောင်ရွက်ခြင်းဖြင့် ပုဂ္ဂလိကသစ်တော်စိုက်ခင်းထူထောင်ရေး၊ နိုင်ငံပိုင်သစ်တော် တိုးခဲ့စိုက်ပျိုးရေးဆောင်ရွက်မည်။

 (၁၀) နောက်ဆုံးအချက်ကတော့ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးနှင့် ဒီမိုကရေစီထွန်းကားရေးတို့ကို အခြားပါတီ အခြားတိုင်းရင်းသားတို့နှင့် ပူးပေါင်းဆောင်ရွက်သွားမည်။

ခူမီးတိုင်းရင်းသားအပေါင်းတို့ခင်ဗျား -

ခူမီးတိုင်းရင်းသားအများဆုံးစုစည်းနေထိုင်တဲ့ ပလက်ဝဒေသဟာ ခရိုင်အဆင့်အတန်းပျောက်ဆုံးခဲ့တာ လွပ်လပ်ရေးနှင့်အတူ (၆၇)နှစ်ရှိပြီဖြစ်တဲ့အတွက် ချင်းပြည်နယ်မှာဖွံ့ဖြိုးမှုနှင့် ပညာရေးအနိမ့်ကျ ဆုံးမြို့နယ်၊ ဆင်းရဲဆုံးမြို့နယ် ဖြစ်ခဲ့ရပါတယ်။ တော်လှန်ရေးကောင်စီလက်ထက်ဆမီးမြို့နယ်ရရှိခဲ့ဖူးသော်လည်း ပြန်လည်စွန့်လွှတ်ခဲ့ရပါတယ်။ ဒါကြောင့်ပလက်ဝခရိုင် အဆင့်တိုးမြှင့်ရရှိရေးနှင့်အတူ မြို့နယ်အသစ်တိုးချဲ့ဖွဲ့စည်းခွင့်ရရှိရေး၊ မြို့များတိုးချဲ့ဖွဲ့စည်းခွင့်ရရှိရေးဆောင်ရွက်ရန် အရေးတကြီးလိုအပ်ပါတယ်။

၂၀၁၄ ခုနှစ်သန်းခေါင်စာရင်းအရ ပလက်ဝမြို့နယ် လူဦးရေတစ်သိန်းခန့်ရှိပါတယ်။ ချင်းပြည်နယ်မှာ လူဦးရေအများဆုံးနှင့် အကျယ်ဆုံးမြို့နယ်၊ကျေးရွာအများဆုံးနှင့် ရပ်ကွက်/ကျေးရွာအုပ်စု အများဆုံး မြို့နယ်လည်း ဖြစ်ပါတယ်။ တစ်မြိကနယ်လုံး လူဦးရေ၏ ၆၀% ရှိသော ခူမီးတိုင်းရင်းသားလူဦးရေစာရင်းထုတ်ပြန်ခြင်းမရှိသေးသော်လည်း ၆၀၀၀၀ ခန့်ရှိနိုင်ပါတယ်။ အခြေခံဥပဒေပုဒ်မ ၁၆၁၊ ပုဒ်မခွဲ (၈)နှင့်အညီ ချင်းပြည်နယ်တွင် ခူမီးရေးရာဝန်ကြီးရရှိရေး ကြိုးပမ်းဆောင်ရွက်နေပါတယ်။ဆက်လက်ပြီးတော့လည်း ဆောင်ရွက်သွားမည်ဖြစ်ပါတယ်။ (၁၉၄၇ ဖဆပလညီလာခံမှအတည်ပြုခဲ့သည့် အခြေခံဥပဒေမူကြမ်းပါ ပြဋ္ဌာန်းချက်နှင့်ကိုက်ညီသော) ခူမီးလူမျိုးသည်။

(၁) ပထဝီအနေအထားအရလွတ်လပ်ရေးမရမီကပင်ရခိုင်မြောက်ပိုင်းတောင်တန်း ခရိုင်ဟုထင်ရှားခဲ့သောပလက်ဝမြို့နယ် နယ်နိမိတ်အထင်အရှားရှိခြင်း

(၂) မြန်မာစကား၊ ချင်းစကား၊ ရခိုင်စကားစသည်တို့နှင့်မတူသောခူမီးတိုင်းရင်းသားဘာသာစကား၊ စာပေအခိုင်အမာရှိခြင်း

(၃) ယဉ်ကျေးမှုအစဉ်အလာတစ်မျိုးတည်းရှိခြင်း

(၄) ရာဇဝင်အစဉ်အလာ တစ်မျိုးတည်းရှိခြင်း

(၅) လူဦးရေအတော်အတန်ရှိခြင်း

(၆) ရေ၊ မြေ၊ ရာသီဥတု သဘာဝအခြေခံကောင်းများရှိသဖြင့် စီးပွားရေးအားဖြင့်ဖူလုံသော လူမျိုးဖြစ်နိုင်ခြေအများဆုံးရှိခြင်းတို့နှင့်ပြည့်မီပြီး

(၇) ပြည်ထောင်စုအတွင်း ခူမီးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဖြစ်ဖြင့် ခူမီးအမျိုးသားတို့၏ ကိုယ်ပိုင်ထင်ရှားချက် (National Identity)အရ သီးခြားနေလိုသော ဆန္ဒရှိတဲ့လူမျိုးဖြစ်ပါတယ်။

ယခုအခါ ပြည်ထောင်စုရဲ့ အမေ့အလျော့ခံနယ်မြေ၊ ချင်းပြည်နယ်ရဲ့လျစ်လျုရှုခြင်းခံနေရတဲ့နယ်မြေအဖြစ် တည်ရှိနေဆဲ ဖြစ်ပါတယ်။ ခူမီးတိုင်းရင်းသားနယ်မြေ၊ နယ်နိမိတ်ကိုလည်း ခွဲထုတ်ဖဲ့ယူပြင်ဆင်ခြင်း ခံနေရခြင်း၊ ခူမီးဟူသော ကိုယ်ပိုင်လူမျိုးအမည်ခံယူခြင်းကိုပင်လျှင် စွန့်လွှတ်ရန် ဖိအားပေးခံနေရခြင်းတို့နှင့် ရင်ဆိုင်နေရပါတယ်။ ပြည်ထောင်စုအစိုးရဖွဲ့နိုင်သော ပါတီကြီးများနောက်သို့ အရူးအမူး လိုက်ပါ သွားရင်းအာဏာ၊ ငွေကြးမက်လုံးနှင့် စကားလုံးလှလှနောက်သို့ တကောက်ကောက်လိုက်ပါသွားရင်းနဲ့လွတ်လပ်ရေးသက်တမ်းနှင့်အတူခူမီးတိုင်းရင်းသားတို့ နိုင်ငံရေးရေတိမ်နစ်ခဲ့ကြရပြီဖြစ်ပါတယ်။ ခူမီးတိုင်းရင်းသားတို့၏ ဘိုးဘွားပိုင်အမျိုးသားနယ်မြေတည်တံ့ဖို့အရေး ခူမီးလူမျိုး မပျောက်မပျက်ရအောင် အမျိုးသားလုံခြုံမှုအာမခံချက်ရရှိရေးကို ခူမီးအမျိုးသားပါတီက အစဉ်တစိုက် ကြိုးပမ်းဆောင်ရွက်နေ ပါတယ်။မဲဆန္ဒရှင်ပြည်သူတို့က တာဝန်ပေးလျှင် လာမည့်လွှတ်တော်တွင်းကနေ

ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမည် ဖြစ်ပါတယ်။ (မကြာမီ ၂၀၁၆ ခုနှစ် ဇန်နဝါရီလမှာ ပြုလုပ်ကျင်းပနိုင်ဖွယ်ရှိတဲ့ ပြည်ထောင်စုညီလာခံ သို့မဟုတ်ဒုတိယပင်လုံညီလာခံတွင်လည်း ခူမီးအမျိုးသားပါတီ ကဆက်လက် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ကတိပြုပါတယ်။)

တိုင်းရင်းသား မဲဆန္ဒရှင်များနှင့် ခူမီးတိုင်းရင်းသားများခင်ဗျား -

နောက်ဆုံးအနေနဲ့ ဒီမိုကရေစီအခွင့်အရေးရနေရုံမျှဖြင့် ခူမီးတိုင်းရင်းသားတို့၏တန်းတူအခွင့်အရေး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နှင့် ကိုယ်ပိုင်ပြဋ္ဌာန်း ခွင့်ဆိုတာတွေဟာ အလိုအလျောက်မရနိုင်သလို မိမိတို့လူမျိုးရ သင့်ရထိုက်တဲ့ အခွင့်အရေးကို ကိုယ်တိုင်ကြိုးပမ်းဆောင်ရွက်မှ ရနိုင်မည်ဖြစ်ကြောင်း ပြောလိုပါတယ်။ ဘယ်လူမျိုးကမှ အိမ်တိုင်ယာရောက်လာပေးရိုးထုံးစံမရှိပါဘူး။ ဒါကြောင့် (မိမိ၏အခွင့်အရေးနှင့် ခူမီးလူမျိုးအတွက် အခွင့်အရေးကို ကိုယ်တိုင်ပါဝင်ကြိုးပမ်းဆောင်ရွက်ကြပါ။ မိမိဘဝကိုမြှုပ်နှံပြီး အနစ်နာခံဆောင်ရွက်ကြပါ။ ခူမီးအမျိုးသားပါတီနှင့် အတူလက်တွဲဆောင်ရွက်ကြပါ။) ခူမီးအမျိုးသားပါတီနှင့် ကိုယ်စားလှယ်လောင်းများအားယုံယုံကြည်ကြည်နဲ့မဲပေးကြပါလို့ အလေးအနက်ပန်ကြားရင်း ရွေးကောက်ပွဲအပြီးမှာလည်း တိုင်းရင်းသားပြည်သူအပေါင်း ကျန်းမာရွှင်လန်းချမ်းမြေ့ခြင်းနှင့် ပြည့်စုံကြပါစေလို့ ဆန္ဒပြုရင်း နိဂုံးချုပ်ပါတယ်ခင်ဗျား။

ခူမီး(ခမီး)အမျိုးသားပါတီ

 ၁။  ပါတီအမည်  -  ခူမီး(ခမီး)အမျိုးသားပါတီ
 ၂။  ပါတီအမည်(English)  -  [KHUMI (KHAMI) NATIONAL PARTY]
 ၃။  ပါတီတည်ထောင် ခွင့်လျှောက်ထားသည့်နေ့  -  ၂၅.၁၁.၂၀၁၃
 ၄။  လာရောက်လျှောက်ထားစဉ်ပါတီအင်အား  -  ဦးကျော်ထွန်း ပါ (၁၆)ဦး
 ၅။

လာရောက်လျှောက်ထားစဉ်ခေါင်းဆောင်နှင့်

ဒုတိယခေါင်းဆောင်

 -  ဦးကျော်ထွန်း၊ ဦးပြင်အောင်
 ၆။  ပါတီတည်ထောင်ခွင့်ပြု့သည့်နေ့  -  ၂၃.၅.၂၀၁၄
 ၇။  ပါတီမှတ်ပုံတင်ခွင့်လျှောက်ထားသည့်နေ့  -  ၁၀.၆.၂၀၁၄
 ၈။  ပါတီမှတ်ပုံတင်ခွင့်ပြုသသည့်နေ့  -  ၁၆.၇.၂၀၁၄
 ၉။  ခွင့်ပြုသည့်ပါတီအမှတ်စဉ်  -  အမှတ်စဉ်(၇၆)
 ၁၀။  ခွင့်ပြု့သည့်ပါတိအလံ  -  
 ၁၁။  ခွင့်ပြု့သည့် ပါတီတံဆိပ်  -  
 ၁၂။  ပါတီဥက္ကဋ္ဌ နှင့်ဗဟိုအလုပ်အမှုဆောင်စာရင်း  -  
 ၁၃။  ပါတီနယ်မြေ  -  ချင်းပြည်နယ်အတွင်း
 ၁၄။  ပါတီ ရုံးချုပ်တည်နေရာ  -  အမှတ်(၆)၊ ဆိပ်ကမ်းသာလမ်း၊ ရိက္ခာရပ်ကွက်၊ ပလက်ဝမြို့နယ်၊ ချင်းပြည်နယ်။
 ၁၅။  ဆက်သွယ်ရန် ဖုန်း နှင့် ဖက်စ်  -  ဦးအေးထွန်း(ဖုန်း) ၀၉-၄၉၆၇၈၈၃၀ ၊ဖက်စ်-၃၃၃၁၄၅၁ ၊ ၃၃၃၁၄၅၂
 ၁၆။  ပါတီ၏ မူဝါဒလမ်းစဉ်များ  -  PDFDownload

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required