၇၂ကြိမ်မြောက် သျှမ်းအမျိုးသားနေ့ အခမ်းအနား ကျင်းပ

၇၂ကြိမ်မြောက် သျှမ်းအမျိုးသားနေ့ အခမ်းအနား ကျင်းပ

မန္တလေး၊ ဖေဖော်ဝါရီ ၇ ။           ။ ၇၂ကြိမ်မြောက် သျှမ်းအမျိုးသားနေ့ အခမ်းအနားကို ဖေဖော်ဝါရီလ ၇ ရက်၊နံနက် ၁၀ နာရီက မန္တလေး တက္ကသိုလ်တွင် ပြုလုပ်ခဲ့သည်။

 အဆိုပါပွဲကို သျှမ်းတိုင်းရင်းသားများ စာပေနှင့်ယဉ်ကျေးမှုကော်မတီ တက္ကသိုလ်များ(မန္တလေး)က ဦးဆောင်ပြုလုပ်ခဲ့ခြင်းလည်းဖြစ်ပြီး မန္တလေးနည်းပညာတက္ကသိုလ်၊ မန္တလေးတက္ကသိုလ်၊ မန္တလေး ဒီဂရီကောလိပ်၊ရတနာပုံတက္ကသိုလ်၊ရတနာပုံ ဆိုက်ဘာစီးတီး တက္ကသိုလ်၊ စစ်ကိုင်းပညာရေး တက္ကသိုလ်၊ တိုု်င်းရင်းဆေးတက္ကသိုလ်နှင့်ကွန်ပျူတာ တက္ကသိုလ်တို့မှ သျှမ်းရိုးရာအကများဖြင့် ဖျော်ဖြေ တင်ဆက်ခဲ့ကြသည်။

 "ဒီအခမ်းအနားကတော့ သျှမ်းအမျိုးသားနေ့နဲ့ပတ်သက်ပြီးတော့ နှစ်စဉ် နှစ်စဉ် အထိမ်းအမှတ် တစ်ခုနဲ့ကျင်းပ လာတာဖြစ်ပါတယ်။ဒီတက္ကသိုလ်မှာကတော့ ဟိုတုန်းကအခြေခံဥပဒေကိုက ဒီတိုင်းရင်းသားတွေရဲ့ စာပေ လှုပ်ရှားမှုတွေနဲ့ပတ်သက်ပြီး ခွင့်ပြုထားတာရှိတဲ့အတွက် ဒီတက္ကသိုလ်မှာကတော့ အစဉ်အလာအတိုင်းပဲ နှစ်တိုင်းနှစ်တိုင်း ကျင်းပခဲ့ပါတယ်။"ဟု သျှမ်းတိုင်းရင်းသားများ စာပေနှင့်ယဉ်ကျေးမှုကော်မတီ တက္ကသိုလ်များ (မန္တလေး)၏ နာယက ဒေါက်တာ စိုင်းနော်ခေးက ပြောသည်။

 အဆိုပါအခမ်းအနားကို အမျိုးသားရေးအသွင်ဆောင်ပြီး သျှမ်းလူမျိုးများ စည်းစည်းလုံးလုံးဖြစ်အောင် ရည်ရွယ် ၍ကျင်းပရခြင်းဖြစ်ပြီး အစဉ်အလာ မပျောက်ပျက်အောင် ကျင်းပရခြင်းဖြစ်ကြောင်း ယခုကဲ့သို့ု တက္ကသိုလ် ပေါင်းစုံ စုပေါင်းပြုလုပ်ခြင်းကြောင့်  သျှမ်းလူမျိုးအချင်းချင်း ပိုမိုချစ်ခင်လာမည်ဖြစ်ပြီး တစ်စုတစ်စည်းထဲ သျှမ်းရိုးရာယဉ်ကျေးမှုတွေကို မြင်တွေ့ရမှာလည်းဖြစ်သည်ဟု ဒေါက်တာ စိုင်းနော်ခေးက ဆက်ပြောသည်။

"တစ်ဦးတစ်ဦးက တွေ့ဖို့ခက်တယ်။အခုပွဲမှပဲ အားလုံးနီးနီးဆုံဖြစ်ကြတယ်။ကျောင်းကလည်းမတူဘူး။လာကြတဲ့ နယ်ကလည်းမတူကြဘူး။အခုလိုတွေ့ခွင့် ဆုံခွင့်ရတော့ ပျော်ပါတယ်။ကိုယ့်ရိုးရာ ယဉ်ကျေးမှု စာပေက အားလုံး ထိန်းသိမ်းဖို့တာဝန်ရှိပါတယ်။"ဟုစစ်ကိုင်းပညာရေးတက္ကသိုလ်မှ လာရောက်ခဲ့သည့် နန်းအေးအေးရွှေကပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required