ဇီးပင်ကြီးနှင့် ဖောင်ကြီးသင်တန်း သင်ရိုးများ ပြန်သုံးသပ်သင့်ပြီဟု မန်းဝန်ကြီးချုပ် ယူဆ

ဇီးပင်ကြီးနှင့် ဖောင်ကြီးသင်တန်း သင်ရိုးများ ပြန်သုံးသပ်သင့်ပြီဟု မန်းဝန်ကြီးချုပ် ယူဆ

နေပြည်တော် (ဒီဇင်ဘာ ၂၆ရက်၊ ၂၀၁၈ခုနှစ်) ။       ။ ဇီးပင်ကြီးသင်တန်း၊ ဖောင်ကြီးသင်တန်းဟူ၍ လူအများသိထားသည့် နိုင်ငံ့ဝန်ထမ်းအများစု တက်ရောက်ရသော ဗဟိုဝန်ထမ်းတက္ကသိုလ်များ၏ သင်ရိုးညွှန်းတမ်းများကို ပြန်လည်သုံးသပ်သင့်ပြီဟု မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ပြောကြားလိုက်သည်။

“ဒီသင်တန်းတွေ ပို့ချနေတာ ခေတ်နဲ့စနစ်နဲ့ အံမဝင်ဘူးဆိုရင်တော့ သင်ရိုးတွေ ပြောင်းရမှာပေါ့” ဟု အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ၏ ဒုတိယဥက္ကဌလည်းဖြစ်သူ ဒေါက်တာဇော်မြင့်မောင်က ပြောသည်။

မဇ္ဈိမသတင်းဌာနနှင့် ယနေ့ ညနေပိုင်းက ပြုလုပ်သည့် “Minister's Questions” ဟု အမည်ပေးထားသော တိုက်ရိုက်တွေ့ဆုံမေးမြန်းခန်း အစီအစဉ်တွင် လတ်တလောရေပန်းစားနေသည့် ဗဟိုဝန်ထမ်းတက္ကသိုလ်များ၏ အခန်းကဏ္ဍနှင့်ပတ်သက်၍ ဝန်ကြီးချုပ်က ထိုသို့ ပြောဆိုလိုက်ခြင်း ဖြစ်သည်။

၎င်းအနေဖြင့် ဖေ့စ်ဘွတ်တွင် လူသိများသည့် သွားဘက်ဆိုင်ရာ ဆရာဝန် ဒေါက်တာစိုးသူရဇော်၏ ဇီးပင်ကြီး ဗဟိုဝန်ထမ်းတက္ကသိုလ်ရှိ ဘာသာရေး၊ နိုင်ငံရေး ဝါဒမှိုင်းများအကြောင်း ဝေဖန်ရေးသားထားသော “ဇီးပင်ကြီးစစ်တမ်း” ဆောင်းပါး အပိုင်းသုံးပိုင်းစလုံးကို ဖတ်ရှုထားပြီးဖြစ်ကာ ဒေါက်တာစိုးသူရဇော်နှင့်လည်း ယနေ့တွေ့ဆုံခဲ့ပြီးဖြစ်သည်ဟု ဆိုသည်။

အဆိုပါ ဗဟိုဝန်ထမ်းတက္ကသိုလ်များတွင် ဝန်ထမ်းများ စွမ်းဆောင်ရည် မြှင့်စေရန် နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေးနှင့် လူမှုရေးအသိအမြင်များ သင်ကြားပေးသည့်အပေါ် အထွေအထူး မပြောလိုသော်လည်း အမုန်းစကားများကို ဝန်ထမ်းများ၏ ဦးနှောက်ထဲ ရိုက်မသွင်းသင့်ကြောင်း ဒေါက်တာဇော်မြင့်မောင်က မဇ္ဈိမ၏ Minister's Questions အစီအစဉ်တွင် ထည့်သွင်းပြောဆိုသည်။

“ဒီမိုကရေစီဆိုတာ ဘာလဲဆိုတာ ပြောလို့ရတယ်။ ဒါပေမယ့် ဒီကနေ့ခေတ်ကြီးမှာ ပဋိပက္ခအမုန်းတရားတွေကို ကန့်သတ်သလို အစွန်းရောက်သွားတဲ့ ဒဿနမျိုးကို သစ်လွင်တဲ့လူငယ်လေးတွေ၊ ဝန်ထမ်းတွေရဲ့ ခေါင်းထဲ ရိုက်မသွင်းသင့်ဘူး” ဟု ဝန်ကြီးချုပ်က ပြောသည်။

ဒေါက်တာစိုးသူရဇော်၏ “ဇီးပင်ကြီးစစ်တမ်း”တွင် ဇီးပင်ကြီးသင်တန်း၏ ပို့ချချက်တစ်ချို့မှာ ပြည်တွင်းငြိမ်းချမ်းရေး မအောင်မြင်ရသည်မှာ လက်ရှိ NLD အစိုးရက စေတနာမရှိသောကြောင့် ဖြစ်ကြောင်းနှင့် ဘာသာခြားများနှင့် လက်ထပ်ခြင်း၊ ကုန်သွယ်ခြင်းတို့ မလုပ်ရန် လှုံ့ဆော်သည့် သင်ကြားမှုများ ရှိနေကြောင်း ယမန်နှစ် အောက်တိုဘာနှင့် နိုဝင်ဘာလအတွင်းက ၎င်း၏ အတွေ့အကြုံများကို ရေးသားထားသည်။

အဆိုပါ ရေးသားချက်များကြောင့် ဒေါက်တာစိုးသူရဇော်ကို ယခုလ ၂ဝရက်တွင် ဌာနတွင် စုံစမ်းစစ်ဆေးခံခဲ့ရသည်။ ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဒေါက်တာမြင့်ထွေးက အဆိုပါ စုံစမ်းစစ်ဆေးမှုသည် သူ၏ ညွှန်ကြားချက်မဟုတ်သလို ဒေါက်တာစိုးသူရဇော်ကိုလည်း အရေးယူရန် မရှိကြောင်း ယမန်နေ့က နေပြည်တော်တွင် မီဒီယာများကို ပြောဆိုထားသည်။

ဗဟိုဝန်ထမ်းတက္ကသိုလ်(ဇီးပင်ကြီး) ပါမောက္ခချုပ်ကမူ ဇီးပင်ကြီးသင်တန်းတွင် နိုင်ငံရေး၊ ဘာသာရေး ဝါဒမှိုင်းများ သွတ်သွင်းနေသည်ဟူသော ပြောဆိုချက်များမှာ မမှန်ကန်ကြောင်း Myanmar Now သတင်းဌာနနှင့် အင်တာဗျူးတွင် ငြင်းဆိုထားသည်။

ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က “ဒီကိစ္စမှာ ဒီဟာက တစ်ကယ့်ကို issue ဖြစ်သွားပြီ။ ပြဿနာ မပြီးဘူးဗျ။ ဘာလို့လည်းဆိုတော့ ဒီကလေး(ဒေါက်တာစိုးသူရဇော်)ရဲ့ အနောက်မှာ ကျန်းမာရေးလောကကလူတွေ အများကြီးပဲ ပါလာတယ်” ဟု မဇ္ဈိမ၏ Minister's Questions အစီအစဉ်တွင် ပြောကြားသွားခဲ့သည်။

ပြီးခဲ့သည့် သမ္မတဦးသိန်းစိန် အစိုးရလက်ထက်က ဗဟိုဝန်ထမ်းတက္ကသိုလ်များ၏ လေ့ကျင့်သင်ကြားရေးစနစ်များကို ပြောင်းလဲရန် ကြိုးပမ်းခဲ့သော်လည်း ထိုစဉ် ပြည်ထောင်စုရာထူးဝန်အဖွဲ့က ကန့်ကွက်ခဲ့သောကြောင့် ပြုပြင်ပြောင်းလဲနိုင်ခြင်း မရှိကြောင်း ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ်က ဒီဇင်ဘာ ၂၃ရက်တွင် ၎င်း၏ ဖေ့စ်ဘွတ်ွတွင် ရေးသားထားသည်။

“အဲဒီပြုပြင်ပြောင်းလဲရေးအဆိုပြုမှုတွေကို အဓိက ဆန့်ကျင်ခဲ့တာကလည်း ပြည်ထောင်စုုရာထူးဝန်အဖွဲ့ပါပဲ။ အဲဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးပြောရရင်တော့ အများကြီးပဲ။ အတိုပြောရရင်တော့ အဲဒီ ကန့်ကွက်မှုတွေကြောင့် လက်ရှိသင်နေတဲ့ သင်တန်းတွေမှာ ထိရောက်တဲ့ ပြုပြင်ပြောင်းလဲမှု တွေမလုပ်နိုင်ဘူး” ဟု ပြန်ကြားရေးဝန်ကြီးဟောင်းက ဆိုသည်။

ဗဟိုဝန်ထမ်းတက္ကသိုလ်များကို ပြုပြင်ပြောင်းလဲလိုပါက ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ ဝန်ထမ်းရွေးချယ်ခန့်ထားမှုစနစ်မှ အစပြု၍ သင်ရိုးညွှန်းတမ်းများ၊ သင်ကြားမှုနည်းစနစ်များအထိ စနစ်တစ်ခုလုံးကို ပြောင်းလဲရန် လိုအပ်သည်ဟုလည်း ဦးရဲထွဋ်က သုံးသပ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly