သရပါဟိုတယ်အလုပ်သမားသပိတ်စခန်း ဖြိုခွဲခံရ၍ နေပြည်တော်သို့ ချီတက်ရာတွင် ရဲတပ်ဖွဲ့က တားဆီး

By အောင်ကိုဦး၊ ကျော်စွာထွန်း
13 December 2018
သရပါဟိုတယ်အလုပ်သမားသပိတ်စခန်း ဖြိုခွဲခံရ၍ နေပြည်တော်သို့ ချီတက်ရာတွင် ရဲတပ်ဖွဲ့က တားဆီး

ရန်ကုန်၊ ဒီဇင်ဘာ ၁၃ ။           ။ ညောင်ဦးမြို့နယ်၊ ပုဂံဒေသတွင် ၂ လ ကြာဖွင့်ထားသည့် သရပါဟိုတယ်သပိတ်စခန်းကို သက်ဆိုင်ရာ အဖွဲ့စည်းများက ဖြိုခွဲခဲ့သည့် အတွက် နေပြည်တော်ထိ ချီတက်ဆန္ဒဖော်ထုတ်ရာ ပုဂံမြို့အထွက် ကျောက်ကူကွေ့အနီးတွင် ရဲတပ်ဖွဲ့က တားဆီးထိန်းသိမ်းခဲ့သည်ဟု သိရသည်။

ထိုသို့ ဆန္ဒဖော်ထုတ်ရာတွင် ညောင်ဦးမြို့နယ်၊ ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းခံ အလုပ်သမားဦးရေကို ပြောဆိုခဲ့ခြင်း မရှိသော်လည်း  ၁၃ ဦး အဖမ်းခံခဲ့ရသည်ဟု အလုပ်သမားများဘက်က ပြောသည်။

“ကျွန်တော်တို့ ငြိမ်းချမ်းစွာ ချီတက်သပိတ်မှောက်တာပါ။ ဒါကို အင်အားသုံးပြီးတော့ သပိတ်စစ်ကြောင်းကို တားဆီးတာ ဖြစ်တယ်” ဟု အဖမ်းဆီးခံ အလုပ်သမားတစ်ဦးက ပြောသည်။

အလုပ်ထုတ်ခံထားရသည့် အလုပ်သမားများသည် ယခုလို တားဆီးထိန်းသိမ်းခံရသော်လည်း အလုပ် ပြန်လည် ရရှိရေးအတွက် ဆက်လက်တောင်းဆိုသွားမည်ဟု ပြောသည်။

ချီတက်ဆန္ဒပြရာတွင် သရပါဟိုတယ်မှအလုပ်ထုတ်ခံ အလုပ်သမားများအပြင် မန္တလေးမြို့ရှိ စက်ရုံအသီးသီးက အလုပ်ခံရသူများလည်း ပါဝင်နေသည်။

သရပါဟိုတယ်မှ ဧည့်အဝင်နည်းသည်ဟုဆိုကာအလုပ်ထုတ်ခဲ့ခြင်းဖြစ်ပြီး အလုပ်ထုတ်ခံသူများသည် ညှိုနှိုင်း မှုများ အကြိမ်ကြိမ် ပြုလုပ်ခဲ့သော်လည်း အဆင်ပြေခဲ့ခြင်းမရှိဟု အလုပ်သမားများထံက သိရသည်။

အဆိုပါသပိတ်စခန်းကို အောက်တိုဘာ ၁၂တွင်စတင်၍ အလုပ်ထုတ်ခံအလုပ်သမားများ ပြန်လည်ခန့်ထား ပေးရေးအတွက် သပိတ်စခန်းဖွင့်လှစ်ခဲ့ပြီး ၂ လပြည့်သည့်နေ့ ဒီဇင်ဘာလ ၁၁ ရက်နေ့ နေ့လည် ၁ နာရီကျော်ခန့်တွင် သက်ဆိုင်ရာအဖွဲ့အစည်းများက ဖြိုခွဲခဲ့ခြင်း ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required