ဂျာမနီမှာ မီးရထားလုပ်သားတွေ သပိတ်မှောက်လို့ ရထားခရီးစဉ်အများအပြား ထိခိုက်

ဂျာမနီမှာ မီးရထားလုပ်သားတွေ သပိတ်မှောက်လို့ ရထားခရီးစဉ်အများအပြား ထိခိုက်

ဒီဇင်ဘာ ၁၀ ။              ။ ဂျာမနီနိုင်ငံမှာ မီးရထားဝန်ထမ်းလုပ်သားတွေ လုပ်ခလစာ နည်းပါးလို့ ဆိုပြီး သပိတ်မှောက်တောင်းဆိုမှုတစ်ရပ် လုပ်ဆောင်ခဲ့ကြတဲ့အတွက် ဒီဇင်ဘာ ၁၀ ရက်က တစ်နိုင်ငံလုံးမှာ ရှိတဲ့ မီးရထားဝန်ဆောင်မှု အတော်များများ ထိခိုက်ပျက်ပြားခဲ့ရပြီး ခရီးသည်ပေါင်း သန်းနဲ့ချီ ထိခိုက်ခဲ့ရကြောင်း မီးရထားအော်ပရေတာ Deutsche Bahn က ပြောပါတယ်။

ဒီဇင်ဘာ ၁၀ မနက် အစောပိုင်းက စတင်ခဲ့တဲ့ ယင်းသပိတ်မှောက်မှုကြောင့် နိုင်ငံတစ်ဝှမ်းလုံးက ဒေသတွင်း ရထားခရီးစဉ်တွေ အများအပြား ဖျက်သိမ်းခဲ့ရတယ်လို့ အဆိုပါ ရထားကုမ္ပဏီက ထုတ်ပြန်ပါတယ်။

ယခု သပိတ်မှောက်မှုကြောင့် မြန်နှုန်းမြင့် ရထားခရီးစဉ်တွေအပြင် မြို့တွင်း ခရီးစဉ် ပြေးဆွဲမှုတွေပါ ထိခိုက်ခဲ့ရတယ်လို့ ကုမ္ပဏီပြောခွင့်ရပုဂ္ဂိုလ်တစ်ဦးက ပြောပါတယ်။

ဒီမတိုင်ခင်တုန်းက Deutsche Bahn နဲ့ မီးရထားလုပ်သားတွေအကြား လုပ်ခလစာပိုင်းနဲ့ ပတ်သက်လို့ ညှိနှိုင်းဆွေးနွေးနေခဲ့ကြပါတယ်။

ညှိနှိုင်းမှုတွေအရတော့ မီးရထား ဝန်ထမ်း ၁၆၀,၀၀၀ အတွက် လုပ်ခလစာ ၇ ဒသမ ၅ ရာခိုင်နှုန်း တိုးပေးဖို့ တောင်းဆိုနေတာဖြစ်ပြီး ဒီဇင်ဘာ ၈ ရက်အထိကတော့ တစ်စုံတစ်ရာ သဘောတူညီချက် မရဘဲ ဖြစ်နေတယ်လို့ သိရပါတယ်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required