မန္တလေး၊ နိုဝင်ဘာ ၁၆ ။ ။ မန္တလေးမြို့၊ကျုံးအရှေ့ဘက်ခြမ်း လက်ရန်းနှင့်ပလက်ဖောင်း ပြုပြင်ရန်အတွက် ပြည်သူလူထု၏ အကြံပြုချက်များရယူရန် အကြံပြုစာထည့်ရန် ယနေ့ နိုဝင်ဘာ ၁၆ ရက်မှစတင်၍ ပုံးများထားပေးသွားမည်ဟု မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်ကပြောသည်။
ကျုံးလက်ရန်းနှင့်ပလက်ဖောင်း ပြုပြင်ရန်အတွက် ထိုင်းနိုင်ငံမှ ဗိသုကာပညာရှင်များက ပုံစံ နှစ်မျိုး ထုတ်ပေးထားပြီး ထိုပုံစံများကို ပြသထားမှာဖြစ်သည်။ပြည်သူလူထု ကြိုက််နှစ်သက်သည့်ပုံစံများကို အကြံပြုပေးရမည်ဖြစ်ကြောင်း သိရသည်။
အလှူရှင်မှာ ဧဒင်ကုမ္ပဏီအုပ်စုပိုင်ရှင် ဦးချစ်ခိုင်ဖြစ်ပြီး ဗိသုကာပုံစံမှာလည်း နန်းမြို့ရိုး၊ကျုံး အလှနှင့်ယဉ်ကျေးမှုလက်ရာတွေပေါ်လွင်အောင် ဖန်တီးထားသည်ဟု ဒေါက်တာရဲလွင်ကဆိုသည်။
"ဒီဇိုင်းတစ်မျိုးက စတီးကြိုးအကာအရံပါပြီး နောက်တစ်မျိုးက မပါပါဘူး။ ရန်ကုန်က ကန်တော်ကြီးနဲ့အင်းလျားလိုပေါ့။သစ်ပင်ပုလေးတွေတော့ အတားအဆီးအနေနဲ့ ထည့်ထားပါတယ်။ မနက်ဖြန်ကစပြီး ကျုံးဘေးမှာ ပုံအကြီးတွေထားပေးထားပြီး ပြည်သူတွေရဲ့ အကြံပြုချက်တွေ ထည့်ဖို့ ပုံးတွေပါထားပေးထားပါမယ်။"ဟု ဒေါက်တာရဲလွင်ကပြောသည်။
ယခု လုပ်ဆောင်သွားမှာများနှင့်ပတ်သက်ပြီး ပြည်သူလူထု၏ ဆန္ဒကို ဦးစားပေး ရွေးချယ်ဆောင်ရွက်သွားမည်ဟုလည်း ဒေါက်တာရဲလွင်ကဆိုသည်။
နမူနာပုံစံ (ဓာတ်ပုံ၊ဒေါက်တာရဲလွင်)