ဂျပန်နိုင်ငံမှ အကူအညီရပါက မကွေးတွင် ချောင်းကူးရေငုတ်လျှို့တံတား(၅၀)ကျော် တည်ဆောက်ရန် လျာထား

ဂျပန်နိုင်ငံမှ အကူအညီရပါက မကွေးတွင် ချောင်းကူးရေငုတ်လျှို့တံတား(၅၀)ကျော် တည်ဆောက်ရန် လျာထား

မကွေး၊ နိုဝင်ဘာ ၁၃ ။            ။ ဂျပန်အစိုးရအကူအညီရပါက မကွေးတိုင်းဒေသကြီးအတွင်းဆက်သွယ်သွားလာရန် ခက်ခဲသော ကျေးလက် ဒေသများတွင် ကျေးလက်ဒေသ ချောင်းကူးရေငုတ်လျှို့တံတား(၅၀)ကျော် တည်ဆောက်ရန် လျာထားကြောင်း မကွေးတိုင်းဒေသကြီး ပို့ဆောင်ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာနမှ သိရသည်။

မကွေးတိုင်းတွင်လက်ရှိအချိန်၌ ဂျပန်နိင်ငံမှ Japan Infrastructure Partners (J I v)အဖွဲ့မှ ရေငုတ်လျှို့ တံတားများ လာရောက်ဆောက်လုပ်ပေးလျှက်ရှိကြောင်း တိုင်းဒေသကြီးပို့ဆောင်ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ဝန်ကြီး ဦးတင်နွယ်ဦးက ပြောသည်။

“ဂျပန်က ပင်စင်ယူသွားပြီဖြစ်တဲ့အင်ဂျင်နီယာအဖွဲ့က ဂျပန်ပြည်သူလူထုထည့်ဝင်ငွေနဲ့ ပညာရေး ကျန်းမာရေး အတွက် ခက်ခဲနှောင့်နှေးတဲ့ကျေးလက်ဒေသတွေကို အဓိကထားရွေးချယ်ပြီး အခုလို ရေငုတ်လျှို့တံတားတွေ သူတို့ကိုယ်တိုင်လာရောက်တည်ဆောက်လှူဒါန်းတာပါ” ဟု ဦးတင်နွယ်ဦးက ဆိုသည်။

ဂျပန် J I P အဖွဲ့ဆောက်လုပ်သည့် တံတားအမျိုးအစားမှာ RC တံတားအမျိုးအစားဖြစ်ပြီး ချောင်းများတွင် သာမာန်ချောင်းရေကျချိန်ထက် ထူးကဲရေကြီးချိန်တွင် ရေအောက်မြှုပ်သွားပြီး သာမာန်ရေကျချိန်မျိုးတွင် ရေမမြှုပ်ဘဲ ချောင်းကိုကူး၍ ရသောတံတားဖြစ်ကာ ခိုင်ခန့်မှု အထူးကောင်းမွန်ကြောင်း သိရသည်။

ချောင်းကူးတံတားဖြစ်သောကြောင့် ခန့်မှန်အရှည်ပေ (၂၀၀)မှ ပေ(၄၀၀)ကျော်၊ အကျယ် (၁၄)ပေရှိပြီး ရေရှည်တည်တံ့ခိုင်မြဲရန်အတွက် တန်ချိန် (၁၃)တန်အထိသာ ဖြတ်သန်းခွင့် ပြုထားကြောင်းသိရသည်။

၂၀၁ရခုနှစ်တွင် သရက်မြို့ အလတ်လယ်ကျေးရွာနှင့်အင်းကုန်းကျေးရွာတို့၌ ကျေးရွာချင်းဆက် ချောင်းကူး တံတား (၁)စင်း၊ ညောင်စင်-ကြည်းတိုင်းကျေးရွာတို့တွင် တံတား(၁)စင်း၊ အောင်လံမြို့နယ် ရွာမထုံး-ဆင်င်္ကြန် ကျေးရွာတွင် တံတား (၁)စင်း စုစုပေါင်း(၃)စင်း ဆောက်လုပ်ပေးခဲ့၍ ဒေသခံကျေးလက်ပြည်သူများ တစ်ရာသီလုံး အသုံးပြုခဲ့ပြီး ရေလွှမ်းမှု အကြိမ်ကြိမ်ရှိခဲ့သော်လည်း အဆိုပါတံတားအမျိုးအစားမှာ ခိုင်ခန့်မှု ရှိကြောင်း ဒေသခံများထံက သိရသည်။

“ဒီနှစ် ၂၀၁၈ခုနှစ်မှာ ဂျပန်အဖွဲ့က (၃)စင်းဆက်ဆောက်ပေးနေပါတယ်။ အောင်လံမြို့နယ် အုတ်ရှစ်ကုန်း-စမြ ကျေးရွာချင်းဆက် ချောင်းကူးတံတား(၁)စင်း၊ အကျယ် (၁၄)ပေ အရှည် (၂၉၀)ပေခန့်၊ သရက်မြို့နယ် ပါးပွတ်တံတားက အကျယ်(၁၄)ပေ၊ အရှည် (၄၆၆)ပေခန့် ဆောက်လုပ်ပြီးပေမယ့် ချောင်းရေ လမ်းကြောင်း ပြောင်းသွားလို့ လက်ရှိအနေအထားအရ မပြီးစီးသေးလို့ တိုင်းဒေသကြီးအစိုးရအဖွဲ့နဲ့ ညှိ့နှိုင်း ဆောင်ရွက်နေ ပါတယ်။ နောက်(၁)စင်းက စေတုတ္ထရာမြို့နယ် အုန်းဝါးကျေးရွာချောင်းကူးတံတား အကျယ် (၁၄)ပေ၊ အရှည် (၂၀၀) ပေ ဆောက်လုပ်နေပါတယ်” ဟု ဝန်ကြီးဦးတင်နွယ်ဦးက ပြောသည်။

မကွေးတိုင်းအတွင်းရှိ ဆက်သွယ်သွားလာရန် ခက်ခဲသော ကျေးလက်ဒေသရှိ ချောင်းကူးတံတားကြီးများ မဆောက်နိင်ခင်ကာလတွင် ရေငုတ်လျှို့တံတား(၅၀)ကျော် ဆောက်လုပ်နိင်ရန်အတွက် မကွေးတိုင်းအစိုးရမှ ဂျပန်သံရုံးအကူညီဖြင့် ဂျပန်အစိုးရထံ အကူအညီတောင်းခံကာ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

“ဒီအုန်းဝါးတံတားပြီးရင် ဒေသခံ ချင်းတိုင်းရင်းသားတွေအတွက် ပေ(၃၀၀၀)ကျော်အရှည်ရှိတဲ့လမ်းကို တိုင်း ဒေသကြီးဘတ်ဂျက်နဲ့ ခင်းပါ့မယ်၊ လမ်းပြီးသွားရင် တိုင်းရင်းသားတွေအတွက် အင်မတန်ခက်ခဲတဲ့ လမ်း ကြောင်းတွေ ကောင်းသွားမယ်။ ဗူးဝ-လောင်းရှည်လမ်းနဲ့ ချိတ်ဆက်မိသွားမယ်။ ဆက်သွယ်သွားလာရေး လွယ်ကူသွားမယ်” ဟု ဦးတင်နွယ်ဦးက ရှင်းပြသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required