ဆန္ဒမဲပေးမှု တပ်မတော်က အမြင်လေးမြင် မူဝါဒဖြင့် ရပ်တည်၊ NCA ထိုးရန် အဆင်သင့်ရှိနေ

ဆန္ဒမဲပေးမှု တပ်မတော်က အမြင်လေးမြင် မူဝါဒဖြင့် ရပ်တည်၊ NCA ထိုးရန် အဆင်သင့်ရှိနေ
Photo Credit Myawady

စက်တင်ဘာ ၁၉ ရက် ။          ။ တပ်မတော်အနေဖြင့် ဆန္ဒမဲပေးရွေးချယ်ရာတွင် နိုင်ငံရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေး၊ ကာကွယ်ရေး စသည့် အမြင်လေးမြင်ရှိ သူနှင့် တပ်မတော်အပေါ် နားလည်မှုရှိသူများကို ဖြစ်စေလိုသည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးက စစ်ဦးစီး၊ စစ်ရေး၊ စစ်ထောက် ညှိနှိုင်းအစည်းအဝေးတွင် ပြောကြားလိုက်သည်။

ဆန္ဒမဲပေးမှုနှင့်ပတ်သက်၍ တပ်မတော်၏ ရပ်တည်ချက်မူဝါဒအား ပြောကြားအသိပေးရာတွင် မိမိဒေသအတွက် ကောင်းမွန်စေရန် ဆောင်ရွက်နိုင်သူ၊ ဒို့တာဝန်အရေးသုံးပါးအား သိရှိ နားလည် စောင့်ထိန်းနိုင်သူများလည်း ဖြစ်စေလိုကြောင်းဆိုသည်။

စက်တင်ဘာ ၁၈ ရက်နေ့ ဦး/ရေး/ထောက် ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ကြသူ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ပူးတွဲတာဝန် ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီးခင်အောင်မြင့်နှင့် တပ်မတော်အရာရှိကြီးများအား ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားလိုက်ခြင်းဖြစ်သည်။

ထို့ပြင် လာမည့်နိုဝင်ဘာလ အထွေထွေရွေးကောက်ပွဲ၌ တပ်မတော်ပိုင်းဆိုင်ရာများတွင် လွတ်လပ်ပြီး တရားမျှတမှု ရှိရမည်ဖြစ်ပြီး တစ်နိုင်ငံလုံးအတိုင်းအတာလည်း အလားတူဖြစ်စေလိုသည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောသည်။

ရွေးကောက်ပွဲ လုံခြုံရေးနှင့် ပတ်သက်၍ ရွေးကောက်ပွဲ အကြိုကာလ၊ ရွေးကောက်ပွဲကာလနှင့် ရွေးကောက်ပွဲအလွန် ကာလများတွင် တပ်မတော်နှင့် ပြည်ထဲရေးဝန်ကြီးဌာန ပူးပေါင်းဆောင်ရွက်သွားကြမည်ဖြစ်သည်။

တပ်မတော်သည် တိုင်းပြည်တည်ငြိမ်အေးချမ်းပြီး 'လက်ရှိလျှောက်လှမ်းနေသည့် ပါတီစုံဒီမိုကရေစီလမ်းကြောင်း' ပေါ်တွင် ခိုင်ခိုင်မာမာရှိစေရေးနှင့် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးကို အထူးလိုလားပြီး၊ NCA လက်မှတ်ရေးထိုးရန်လည်း အဆင်သင့်ဖြစ်နေပြီဟု တပ်မှူးကြီးများကို အသိပေးပြောဆိုသည်။

လက်ရှိအနေအထားသည် ဖက်ဒရယ်ကိုအခြေခံသည့် ပြည်ထောင်စုစနစ်ကို သွားနေခြင်းဖြစ်ပြီး တိုင်းရင်းသားများအား ခွဲခြားမှုမရှိသကဲ့သို့ အခွင့်အရေးများလည်း ပေးထားသည်ဟုဆိုသည်။ ထို့ပြင် တိုင်းရင်းသားလက်နက်ကိုင်ကိစ္စရပ်များ သည် မိမိပြည်တွင်းရေးကိစ္စသာဖြစ်ပြီး အားလုံးအမြင်ကျယ်ကျယ်ဖြင့် လုပ်ဆောင်ကြရမည်ဟုဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required