ကျန်းမာရေးကြောင့် Gym ကစားရာမှ နည်းပြဖြစ် လာသူ ဇူဇူးသန့်

ကျန်းမာရေးကြောင့် Gym ကစားရာမှ နည်းပြဖြစ် လာသူ ဇူဇူးသန့်
ဓာတ်ပုံ-သက်ကို
 

ရန်ကုန်၊ သြဂုတ် ၅ ။          ။ ရန်ကုန်မြို့ ဆိပ်ကမ်းသာလမ်းနှင့် မဟာဗန္ဓုလလမ်းပေါ်ရှိ အားကစားခန်းမတစ်ခုတွင် အမျိုးသမီးငယ်တစ်ဦးကို ထင်ရှားစွာ တွေ့နိုင်သည်။

သူသည် အသက် ၂၀ အရွယ်ရှိနေပြီး အားကစားခန်းမသို့လာရောက်သည့် အမျိုးသားနှင့် အမျိုးသမီး အရွယ်စုံများကြားတွင် မိမိကိုယ်ကိုယုံကြည်မှုအပြည့်ဖြင့် သင်ကြားပြသပေးနေသူတစ်ဦးဖြစ်သည်။

သူကတော့  ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် နိုင်ငံတကာဆက်ဆံရေးပညာဌာန၏ တတိယနှစ် ကျောင်းသူအဖြစ် တက်ရောက်နေသူ မဇူဇူးသန့် ဖြစ်သည်။

လက်ရှိအချိန်တွင် အားကစားနည်းပြအဖြစ် လုပ်ကိုင်နေသော်လည်း သူ၏ငယ်စဉ်က ကျန်းမာရေးချူချာခဲ့သည်။ မဇူဇူးသန့် အသက် ၁၆ နှစ်အရွယ်တွင် တီဘီရောဂါဖြစ်ပွားခဲ့ဖူးပြီး   ရောဂါပျောက်ကင်းရန် ဆေးသောက်ခြင်းအပြင် အားကစားလည်းပြုလုပ်ရန် လိုအပ်ကြောင်း ဆရာဝန်က မှာကြားခဲ့သည်။ ထိုအချိန်မှစ၍ GYM အားကစား လိုက်စားခဲ့ရာ ယခုအချိန်တွင် GYM နည်းပြ တစ်ယောက်အဖြစ်လုပ်ကိုင်နေပြီဖြစ်သည်။

"GYM စမဆော့ခင်က တီဘီဖြစ်ဖူးတော့ ချောင်းဆိုးတာတွေဘာတွေဖြစ်ဖူးတယ်။ တီဘီဆေး စသောက်တော့ အားကစားလုပ်ပါဆိုတာနဲ့ အဲဒါနဲ့ Gym စဆော့ဖြစ်တာ။ စ စဆော့ခြင်းကတော့ နည်းနည်းမောတာပေါ့နော်။နောက်ပိုင်းကြတော့ အဆင်ပြေတယ်" ဟု မဇူးဇူးသန့်က ပြောသည်။

မဇူဇူးသန့်တွင် မိသားစုဝင်သုံးယောက်ရှိပြီး မိခင် အစ်မဖြစ်သူ နှင့် အတူနေထိုင်နေသည်ဟုဆိုသည်။ Gym နည်းပြအဖြစ် စတင်လုပ်ကိုင်စဉ်က မိခင်ဖြစ်သူမှာ သဘောတူခြင်းမရှိခဲ့သော်လည်း လက်ရှိအချိန်တွင် လက်ခံလာပြီဟု ဆိုသည်။ တက္ကသိုလ်ကျောင်းတစ်ဖက်၊  GYM နည်းပြအဖြစ်တစ်ဖက် လုပ်ကိုင်ရသောကြောင့် အခက်အခဲထက် ပင်ပန်းမှုများရှိနေသည်ဟု ပြောသည်။

"ညီမအားလပ်ချိန်မှာတစ်ခါတစ်လေကျရင် ရုပ်ရှင်ကြည့်ပါတယ်။ တစ်ခါတစ်လေကျလို့ရှိရင် ကျောင်းနဲ့အလုပ်နဲ့ပဲသွားရတော့ အိမ်မှာတော့သိပ်မနေရဘူး။ ညဘက်အိပ်တဲ့အချိန်လောက်ပါပဲ။ မနက်ကျောင်းသွား၊ ကျောင်းကနေ ပြီးလို့ရှိရင် အလုပ်ကိုလာ၊ လာပြီးရင်အလုပ်မှာပေါ့နော်။ ကိုယ်အားတဲ့အချိန်ကြ ဆော့တယ်။ Customer လာလို့ရှိရင် ပြပေးတယ်။ အဲဒီလိုပဲ အချိန် ကုန်ဆုံးရတာပါ" ဟု မဇူဇူးသန့်က ၎င်း၏နေ့စဉ်ဘဝကို ပြောပြသည်။

အသက် ၂၀ အရွယ် မဇူဇူးသန့် ၏ အိမ်မက်မှာ Gym နည်းပြတစ်ယောက်ဖြစ်လာရန်တစ်ခုတည်းမဟုတ်ဘဲ တချိန်တုန်းက အိမ်မက်မှာ လေယာဉ်မယ်တစ်ယောက်ဖြစ်ချင်ခဲ့ကြောင်း မဇူဇူးသန့်က ဖွင့်ဟသည်။

"လေယာဉ်မယ် ဖြစ်ချင်တယ်။ ညီမက မျက်မှန်တပ်ထားတယ်လေ၊ မျက်မှန်တပ်ထားတော့ လေယာဉ်မယ်နဲ့ကျတော့သိပ်အဆင်မပြေဘူး။ ဆယ်တန်းပြီးတာနဲ့ အားကစားလုပ်တဲ့အပိုင်းကို ရောက်သွားပြီး Gym ထရိန်နာလုပ်တဲ့ဘက်ကို ပိုပြီးတော့အားသန်လာတာပါ" ဟု မဇူဇူးသန့်က ဆိုသည်။

Gym လောကထဲတွင် နည်းပြတစ်ယောက်အဖြစ် လုပ်နိုင်သရွေ့ ဆက်လက်လုပ်ကိုင်သွားဖို့ရှိနေပြီး နောက်ပိုင်းတွင် ကာယအလှမယ်ပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်သွားမည်ဟု မဇူဇူးသန့်က ပြောသည်။

ယခုလို Big Box Gym မှာ လုပ်ကိုင်နေသလို မဇူဇူးသန့်မှာ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် ကာယအလှမယ်ပြိုင်ပွဲတွင် ပထမဆု ရရှိထားသူဖြစ်သည်။

ကျန်းမာရေးမကောင်း၍ Gym ကစားရာမှ နည်းပြဖြစ်လာကာ လူမှုကွန်ရက်မီဒီယာပေါ်၌လူသိများလာသူ မဇူဇူးသန့် က "အမျိုးသမီးတွေက အမှန်တကယ်တော့ ယောကျာၤးလေးတွေထက် ပိုပြီးတော့ အိုမင်းလွယ်တယ်ပေါ့နော်။ အဲဒီတော့ပိုပြီးတော့ဆော့သင့်တယ်။ အားကစားဘက်ကို ပိုလုပ်သင့်တယ်" ဟု အကြံပေးထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly