ကိုရီးယားစစ်ပွဲမှ ကျဆုံး အမေရိကန်စစ်သား ရုပ်အလောင်းတွေ ပြန်ပေးပို့တာကြောင့် ကင်ဂျုံးအွန်ကို ထရမ့် ကျေးဇူးတင်

ကိုရီးယားစစ်ပွဲမှ ကျဆုံး အမေရိကန်စစ်သား ရုပ်အလောင်းတွေ ပြန်ပေးပို့တာကြောင့် ကင်ဂျုံးအွန်ကို ထရမ့် ကျေးဇူးတင်

 

ဝါရှင်တန်၊ ဇူလိုင် ၂၈ ။               ။ ကိုရီးယားစစ်ပွဲအတွင်းမှာ ကျဆုံးခဲ့တဲ့ အမေရိကန်စစ်သား ၅၅ ဦးရဲ့ ကြွင်းကျန်ရုပ်အလောင်းတွေကို ပြန်လည်ပေးပို့ခြင်းကြောင့် မြောက်ကိုရီးယား ခေါင်းဆောင်ကို အမေရိကန်သမ္မတက ဇူလိုင် ၂၇ ရက်မှာ ကျေးဇူးတင်စကား ပြောလိုက်ပါတယ်။

“နှစ်တွေ တော်တော်လေး ကြာပြီးနောက်မှာ ခုလို ပြန်လည်ပေးပို့တာဟာ မိသားစုများစွာအတွက် ကြီးမားတဲ့ အခွင့်ထူး ဖြစ်စေမှာပါ။ ကျေးဇူးတင်မိပါတယ်၊ ကင်ဂျုံးအွန်။”ဆိုပြီး သမ္မတ ထရမ့်က တွစ်တာမှာ ရေးသားခဲ့ပါတယ်။

ဇွန် ၁၂ ရက်က စင်ကာပူမှာ ခေါင်းဆောင်နှစ်ဦးရဲ့ ထိပ်သီးအစည်းအဝေး သဘောတူညီမှုတစ်စိတ်တစ်ဒေသအရ ကင်ဂျုံးအွန်အနေနဲ့ သံတမန်ဆက်ဆံရေး ဖော်ဆောင်မှုတစ်ရပ်အနေနဲ့ ခုလို အမေရိကန်စစ်သား ရုပ်အလောင်းတွေ ပြန်လည်ပေးပို့ခဲ့တာလည်း ဖြစ်ပါတယ်။

မြောက်ကိုရီးယားရဲ့ ဝန်ဆန်အရပ်ကနေ တောင်ကိုရီးယားမှာရှိတဲ့ အမေရိကန် အိုဆန်လေတပ်အခြေစိုက်စခန်းဆီ အမေရိကန်စစ်သားရုပ်အလောင်းတွေကို US Air Force C-17 နဲ့ သယ်ဆောင်ထားခဲ့ပြီးဖြစ်တယ်လို့ အိမ်ဖြူတော်ဟာ အစောပိုင်းက ကြေညာထားပါတယ်။

“ဒီကနေ့မှာဆိုရင် ကင်ဂျုံးအွန်ဟာ ကျဆုံးအမေရိကန်စစ်မှုထမ်းတွေကို နေရပ်ပြန်ပို့ပေးမယ်ဆိုတဲ့ အမေရိကန်သမ္မတအပေါ် ကတိခံခဲ့တာကို အကောင်အထည် ဖော်လာတာပဲ။ မြောက်ကိုရီးယားရဲ့ လုပ်ဆောင်ချက်တွေကို ကျွန်တော်တို့ ကျေနပ်အားရ ပါတယ်။ အပြုသဘော ပြောင်းလဲမှုတွေအတွက် အရှိန်အဟုန်ပဲ ဖြစ်တယ်။”လို့ အိမ်ဖြူတော်က ထုတ်ပြန်ပါတယ်။

မြောက်ကိုရီးယားနိုင်ငံအတွင်းမှာ ကျဆုံးခဲ့တဲ့ အမေရိကန်စစ်သား ၅၃၀၀ နီးပါး ရှိမယ် ခန့်မှန်းထားပြီး ၎င်းတို့ကို ရှာဖွေရေးနဲ့ ရုပ်အလောင်းတွေ နေရပ်ပြန်ပို့ရေး လုပ်ငန်းစဉ်အတွက် ခု ရုပ်အလောင်း ၅၅ လောင်း ပြန်ပို့လာတာဟာ အရေးပါတဲ့ ခြေလှမ်းတစ်ရပ်ပဲ ဖြစ်တယ်လို့ အိမ်ဖြူတော်က ထုတ်ပြန်ခဲ့ပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required