စစ်ကောင်စီက ချောင်းနှစ်ခွနယ်မြေအား ပြန်လည်ရယူရန် ထိုးစစ်ဆင်လာနိုင်ကြောင်း SOF ပြော 

By YT  ( မဇ္ဈိမ)
16 November 2023
စစ်ကောင်စီက ချောင်းနှစ်ခွနယ်မြေအား ပြန်လည်ရယူရန် ထိုးစစ်ဆင်လာနိုင်ကြောင်း SOF ပြော 

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့-S.O.F၊ ဂဠုန် စစ်ကြောင်းအပါအဝင် ပူးပေါင်းတပ်ဖွဲ့များကတိုက်ခိုက်သိမ်းပိုက်ထားသည့် ကျိုက်မရောမြို့နယ်၊ ချောင်း နှစ်ခွကျေးရွာရှိ ရဲစခန်းနှင့် အတ္ထရံတံတား(ချောင်းနှစ်ခွ)ဂိတ်အား ပြန်လည်ရယူရန် စစ်ကောင်စီက ထိုး စစ်ဆင်လာနိုင်ကြောင်း S.O.F တာဝန်ခံ ကိုအောင်စံရှားက ပြောသည်။

“ချောင်းနှစ်ခွက ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီး၊ မုဒုံ၊ သံဖြူဇရပ် မော်လမြိုင်အထိ အဓိကကုန်သွယ်ရေး လမ်းမှာဖြစ်နေတာပေါ့နော်။ ချောင်းနှစ်ခွတံတားမှာဆိုလည်း သူတို့ တံတားလုံခြုံရေးဂိတ်ချပြီးတော့ မတရားဖမ်းဆီးတာတွေ အမြဲတမ်းလုပ်တယ်၊ စစ်ဆေးရေးတွေ လုပ်တယ်။ ငွေကြေးတောင်းခံတာတွေ ပေါ့နော်။ အဲဒီလို ပြည်သူအပေါ် ကျူးလွန်တာတွေ အများကြီးရှိတယ်။ သူတို့အတွက် ဝင်ငွေရတဲ့လမ်းဖြစ် တယ်” ဟု ကိုအောင်စံရှားက မဇ္ဈိမကိုပြောသည်။

တော်လှန်ရေးအင်အားစုများက တိုက်ခိုက်သိမ်းပိုက်ထားသည့် ရဲစခန်းနှင့် ဂိတ်စခန်းရှိရာ ချောင်းနှစ်ခွ နယ်မြေသည် မွန်-ကရင် ကုန်သွယ်ရေးလမ်းကြောင်းပေါ်တွင်တည်ရှိပြီး စစ်ကောင်စီ၏ ထောက်ပို့ရေး လမ်းကြောင်းလည်းဖြစ်၍ အဆိုပါနယ်မြေအားပြန်လည်ရယူရန် စစ်ကောင်စီက မုဒုံမြို့နယ်ဘက်မှ ပြန် လည်ထိုးစစ်ဆင်လာနိုင်ကြောင်း ဆိုသည်။

“စစ်ရေးအရဆိုရင် ကြာအင်းဆိပ်ကြီးတို့၊ ကော့ကရိတ်တို့၊ ဘုရားသုံးဆူတို့ကို အဓိက ထောက်ပို့လမ်း ကြောင်းဖြစ်နေတာပေါ့နော်။ ဆိုတော့ အစ်ကိုတို့ တော်လှန်ရေးအင်အားစုတွေအနေနဲ့ ချောင်းနှစ်ခွလမ်း ပိုင်းကို သိမ်းပိုက်ပြီးတော့ နယ်မြေစိုးမိုးထားနိုင်တဲ့အခြေအနေက စစ်ဆင်ရေးအတွက်၊ တော်လှန်ရေး အတွက် အများကြီးအထောက်အကူဖြစ်တယ်။ စကစရဲ့ ထောက်ပို့လမ်းကြောင်းနဲ့ ပတ်သက်ရင်လည်း ကောင်းကောင်းဟန့်တားနိုင်တဲ့ အခြေအနေမျိုးပေါ့။ သူတို့ထပ်ပြီးတော့ စစ်ကြောင်းထိုးလာနိုင်တာက မုဒုံဘက်ကနေပါ။ ဒီဘက် ကြာအင်းဆိပ်ကြီးဘက်ကနေတော့ သူတို့ စစ်ကြောင်းထိုးနိုင်တဲ့ အခြေအနေ မရှိဘူး” ဟု ကိုအောင်စံရှားက ပြောသည်။ 

ချောင်းနှစ်ခွနယ်မြေရဲစခန်းနှင့် တံတားဂိတ်စခန်းကို နိုဝင်ဘာလ ၁၀ ရက်နေ့မှစ၍ တော်လှန်ရေးပူးပေါင်း တပ်ဖွဲ့များက မြေပြင်မှသာမက ဒရုန်းများဖြင့်ပါ တိုက်ခိုက်ခဲ့ပြီး လေးရက်အကြာ နိုဝင်ဘာလ ၁၃ ရက် နေ့တွင် အဆိုပါစခန်းများအား အပြီးသတ် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်။

ထို့ပြင် အဆိုပါစခန်းများသို့ စစ်ကူလာသည့် တပ်မ (၂၂) လက်အောက်ခံ ခလရ (၈၁) စစ်ကြောင်းနှင့် ဘုရားကုန်းရှိ စစ်ကောင်စီစစ်ကြောင်းတို့ကိုပါ ပူးပေါင်းတပ်ဖွဲ့က သွားရောက် တိုက်ခိုက်ခဲ့သဖြင့် တိုက်ပွဲ သည် နိုဝင်ဘာလ ၁၅ ရက်နေ့အထိ ဆက်လက်ဖြစ်ပွားခဲ့ကြောင်း ဆိုသည်။

အဆိုပါ ခြောက်ရက်တာ တိုက်ပွဲများအတွင်း စစ်ကောင်စီဘက်မှ ဗိုလ်မှူးနှစ်ဦးအပါအဝင် ၂၂ ဦးသေဆုံး၍ ထိခိုက်ဒဏ်ရာရသူများခဲ့ပြီး စစ်ကောင်စီတပ်သား ၂၈ ဦး လက်နက်ချအညံ့ခံခဲ့ကြောင်း၊ တော်လှန်ရေး အင်အားစု ပူးပေါင်းတပ်ဖွဲ့ဘက်တွင်လည်း ရဲဘော်သုံးဦး ကျဆုံး၍ ၁၀ ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း SOF ၏ နိုဝင်ဘာလ ၁၅ ရက်နေ့ ထုတ်ပြန်ချက်အရ သိရသည်။

စာတည်း ။   ။စောဖေ

ဓါတ်ပုံ- SOF
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required