ပျက်ကျသွားသော ဂျက်တိုက်လေယာဉ်အစိတ်အပိုင်းများရှာဖွေနေသည့် စစ်ကောင်စီတပ်နှင့် PDF တိုက်ပွဲဖြစ်

By မဇ္ဈိမ
16 November 2023
ပျက်ကျသွားသော ဂျက်တိုက်လေယာဉ်အစိတ်အပိုင်းများရှာဖွေနေသည့် စစ်ကောင်စီတပ်နှင့် PDF တိုက်ပွဲဖြစ်

ပျက်ကျသွားခဲ့သော ဂျက်တိုက်လေယာဉ်အစိတ်အပိုင်းများကို ရှာဖွေနေသည့် စစ်ကောင်စီတပ်ဖွဲ့နှင့် နေပြည်တော် PDF တို့ နိုဝင်ဘာ ၁၄ ရက်နေ့အထိ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း မဇ္ဈိမက စုံစမ်းသိရရှိရသည်။

အင်္ဂါနေ့က တနာရီခန့်ကြာတိုက်ပွဲတွင် စစ်ကောင်စီတပ်သားအချို့ဒဏ်ရာရသလို နေပြည်တော် PDF တပ်ဖွဲ့ဝင်တဦး စိုးရိမ်ဖွယ်ရာမရှိသော ဒဏ်ရာရသွားခဲ့သည်ဟု သိရသည်။

နိုဝင်ဘာ ၁၃ ရက်နေ့ကလည်း ​လေယာဥ်မှူးအားရှာ​ဖွေ​နေသည့် စစ်ရဟတ်ယာဥ်သုံးစီးနှင့် အပြိုင်အဆိုင်ရှာ​ဖွေမှု ပြုလုပ်​နေ​သော နေပြည်တော်စစ်ကြောင်း PDF တို့ အပြန်အလှန်ပစ်ခတ်မှုဖြစ်ခဲ့သည်။ PDFတပ်ဖွဲ့များကို စစ်ကောင်စီတိုက်ခိုက်​ရေး ရဟတ်ယာဥ်များက ဒုံးကျည်များ၊ စက်ကြီးများဖြင့် ပစ်ခတ်ခဲ့ပြီး PDF ဘက်ကလည်း စနိုက်ပါရိုင်ဖယ်၊ ငါးကျင်းမြီးစက်လတ်နှင့် AK-47တို့ဖြင့် ပြန်လည်ပစ်ခတ်ခဲ့ကြသည်။.  

နိုဝင်ဘာ ၁၁ ရက်နေ့က ကရင်နီဒေသတိုက်ပွဲများတွင် လေကြောင်းမှပစ်ခတ်နေခဲ့သော တရုတ်နိုင်ငံထုတ် အပေါ့စား လေ့ကျင့်ရေးနှင့် တိုက်ခိုက်ရေးလေယာဉ် K -8 သည် တိုက်ပွဲအတွင်းပစ်ခတ်မှုကြောင့် ပျက်ကျသွားခဲ့ကာ လေသူရဲနှစ်ဦး အရေးပေါ်လေထီးခုန် လွတ်မြောက်သွားခဲ့သည်။

 အဆိုပါ တိုက်လေယာဉ်ပျက်က ကရင်အမျိုးသားအစည်းအရုံး(KNU)၏ တပ်မဟာ (၂) နယ်မြေထဲတွင် ကျသွားခဲ့ပြီး လေယာဉ်မှူးတဦးမှာ ဖရူဆိုမြို့နယ်အတွင်းနှင့် နောက်ထပ်တဦးမှာ အခြားအရပ်သို့ ခုန်ဆင်းရောက်ရှိသွားခဲ့သည်။

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ၏ ထုတ်ပြန်ချက်တွင် ကရင်နီပြည်နယ် လွိုင်ကော်အနီးတိုက်ပွဲအတွင်း ကရင်နီတပ်ပေါင်းစုဘက်က ပစ်ခတ်မှုကြောင့် တိုက်လေယာဉ်ပျက်ကျရခြင်းဖြစ်ကြောင်း ထုတ်ပြန်သည်။ စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက စက်ချို့ယွင်းပျက်ကျခဲ့သည်ဟု ဆိုသည်။

KNDF ၏ပစ်ခတ်မှုခံရပြီးနောက် ခပ်နိမ့်နိမ့်အရှိန်နှေးနှေးဖြင့်ပျံသန်းလာသော လေယာဉ်အား နေပြည်တော် PDF တို့ကလည်း လက်နက်ငယ်များဖြင့် ထပ်မံပစ်ခတ်ခဲ့သေးသည်။

ပျက်ကျမှုဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်က မြေပြင်တွင် စစ်ကြောင်းများဖြန့်ခွဲ၍သော်လည်းကောင်း၊ ဝေဟင်မှ ဒရုန်းများ၊ ရဟတ်ယာဉ်များနှင့် လေယာဉ်များအသုံးပြု၍လည်းကောင်း လေယာဉ်အပျက်အစီးနှင့် လေသူရဲများကို လိုက်လံရှာဖွေနေခဲ့သည်။

နိုဝင်ဘာ ၁၂ ရက်နေ့တွင် PDF နေပြည်တော်တိုင်းစစ်ဌာနချုပ်တပ်ရင်းများက တိုက်လေယာဉ်ပါပစ္စည်းအချို့ကို သိမ်းဆည်းရမိခဲ့သလို ဖရူဆိုမြို့နယ်အတွင်း ခုန်ဆင်းခဲ့သော လေယာဉ်မှူးတဦးပိုင်ပစ္စည်းများကိုလည်း ကရင်နီတော်လှန်ရေးတပ်များက သိမ်းဆည်းရမိခဲ့သည်။

စစ်ကောင်စီတပ်များရော တော်လှန်ရေးတပ်ဖွဲ့များကပါ ပိုက်စိပ်တိုက်ရှာဖွေလျက်ရှိသော လေယာဉ်မှူးနှစ်ဦးအနက် တဦးမှာ အရေးပေါ်စားနပ်ရိက္ခာ ပါသွားဟန်ရှိပြီး တခြားတဦးမှာ လူချည်းသက်သက်ဖြစ်သည်ဟုယုံကြည်ရသည်ဟု လေယာဉ်ပျက်ကျမှုသတင်းကို ပထမဆုံးသတင်းပေးပို့ခဲ့သူ မဇ္ဈိမစစ်မြေပြင်သတင်းထောက်က ပြောသည်။

စာမူတည်းဖြတ်- သန့်ဇော်(သန်လျင်)
 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required