သက်ငယ်မုဒိမ်းနှင့်ပတ်သက်၍ လူမှုဝန်ထမ်းမှ ကူညီပေးနေသည်ကို ပြည်သူများအသိနည်းနေသေးဟု ဆို

သက်ငယ်မုဒိမ်းနှင့်ပတ်သက်၍ လူမှုဝန်ထမ်းမှ ကူညီပေးနေသည်ကို ပြည်သူများအသိနည်းနေသေးဟု ဆို

 

မကွေး၊ ဇွန် ၉ ။                              ။ သက်ငယ်မှုဒိမ်းမှုနှင့်ပတ်သက်၍ လူမှုဝန်ထမ်းဦးစီးဌာနမှ ကူညီပေးနေသည်ကို ပြည်သူလူထု အသိနည်းနေသေးကြောင်း မကွေးတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာန၊တိုင်းဦးစီးမှူးဒေါ်နန္ဒာနွယ်ဟန်က ပြောသည်။

ဇွန်လ ၈ ရက်နေ့ နံနက်ပိုင်းက  မကွေးမြို့၊ စုပေါင်းရုံးခန်းမတွင် ပြုလုပ်သည့် လူမှုအသိုင်းအဝန်းနှင့် သက်ငယ်မုဒိမ်းအကြောင်း ပြည်သူ့စကားဝိုင်း ဆွေးနွေးပွဲတွင် ပြောခဲ့ခြင်းဖြစ်သည်။

‌ "စကားဝိုင်းမှာ မကွေးခရိုင်ရဲမှူးက ပြောတယ်။ မကွေးတိုင်းဒေသကြီးအတွင်းမှာ (၂၀၁၇)ခုနှစ်အတွင်း မုဒိမ်းမှု(၁၅၀) ဖြစ်ခဲ့တယ်လို့ပြောတယ်၊ ကျွန်မတို့ဌာနကို ဆက်သွယ်လာတာ ၂၂ ဦးပဲရှိတဲ့အတွက် ကျွန်မတို့ဌာနက သက်ငယ်မုဒိမ်းမှုနဲ့ပတ်သက်ပြီး ကူညီစောင့်ရှောက်တယ်ဆိုတာကို ပြည်သူလူထုသိတာ နည်းနေသေးတယ် ထင်တယ်" ဟု မကွေးတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနတိုင်းဦးစီးမှူး ဒေါ်နန္ဒာနွယ်ဟန် ပြောသည်။

လူမှုဝန်ထမ်းဌာနအနေနှင့် လူမှုရေးလုပ်ငန်း ၁၀ ရပ်ကို ဆောင်ရွက်နေကြာင်း၊ ထို(၁၀)ရပ်ထဲတွင် အမျိုးသမီးများနှင့်ကလေးသူငယ်များအားစောင့်ရှောက်ရန်ဆိုသည့် အချက်များပါရှိကြောင်း   ဒေါ်နန္ဒာနွယ်ဟန် ပြောဆိုချက်အရ သိရသည်။

မကွေးတိုင်းဒသကြီးအတွင်း (၂၀၁၇)ခုနှစ်တွင် လူမှုဝန်ထမ်းဦးစီးဌာနမှ သက်ငယ်မုဒိမ်းမှု(၂၂)မှုအတွက် တစ်ဦးလျှင် ငွေကျပ်တစ်သိန်းစီ ထောက်ပ့ံခဲ့ကာ ၎င်းတို့ထဲမှကလေးရရှိသူ(၉)ဦးအား ဘဝရေရှည်ရပ်တည်ရေးအတွက် ငွေကျပ် (၅၀၀၀၀၀)စီ ထောက်ပံ့ပေးခဲ့ကြောင်းသိရသည်။

 ထို့ပြင်မုဒိမ်းမှုများနှင့်ပတ်သက်၍ တရားရေး ပညာရေး ၊ ကျန်းမာရေး ၊ လူမှုရေးစသည့်အကြောင်းအရာများကို ချိတ်ဆက်ကူညီစောင့်ရှောက်မှုများ ဆောင်ရွက်ပေးကြောင်း သိရသည်။

အဆိုပါဆွေးနွေးပွဲသို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့လူမှုရေးဝန်ကြီးတက်ရောက် အမှာစကားပြောကြားခဲ့သည်။

ပြည်သူ့စကားဝိုင်း ဆွေးနွေးပွဲတွင် လူမှုအသိုင်းအဝိုင်းနှင့် သက်ငယ်မုဒိမ်းအကြောင်းအား မကွေးတိုင်းဒေသကြီးလွှတ်တော်မကွေးမြို့နယ်လွှတ်တော်ကိုယ်စားလှယ်ဦးကျော်ဌေး၊လူမှုဝန်ထမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်နန္ဒာနွယ်ဟန်၊ မကွေးခရိုင်ရဲဖွဲ့မှူး ဒုတိယရဲမှူးကြီးကျော်ထွန်း၊မကွေးခရိုင်ဥပဒေအရာရှိ ဦးအေးသိန်း၊ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူအဖွဲ့အစည်းမှ ဒေါ်ကြူကြူခိုင်၊ Social Care Votuntee Groupမှ ဦးနေဝင်းကို နှင့် Book Clubမှ ဦးကိုကိုနိုင်တို့ ဆွေးနွေးခဲ့ကြသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required