ရွေးကောက်ပွဲဝင်မည့် ဗိုလ်ချုပ်ဟောင်း ဒေသခံတို့လိုအပ်ချက် လှည့်လည်မေးမြန်းနေ

ရွေးကောက်ပွဲဝင်မည့် ဗိုလ်ချုပ်ဟောင်း ဒေသခံတို့လိုအပ်ချက် လှည့်လည်မေးမြန်းနေ
နေပြည်တော်ကောင်စီဝင် အငြိမ်းစားဗိုလ််ချုပ် ဦးသန်းဌေးက ဇေယျာသိရိမြို့နယ်ရှိဒေသခံများနှင့် တွေ့ဆုံကာ ဒေသခံတို့၏ လိုအပ်ချက်များကို  ဩဂုတ် ၃၁ ရက်က မေးမြန်းစဉ်။ ဓာတ်ပုံ - မင်းမင်း

နေပြည်တော်၊ ဩဂုတ် ၃၁ ။         ။ လက်ရှိ နေပြည်တော်ကောင်စီဝင်ဖြစ်သူ အငြိမ်းစားဗိုလ်ချုပ် ဦးသန်းဌေးသည် လာမည့်ရွေးကောက်ပွဲတွင် ဝင်ပြိုင်မည့် မဲဆန္ဒနယ်တွင် ပါဝင်သောနေပြည်တော် ၊ဇေယျာသီရိမြို့နယ်၊ အောင်ဇေယျရပ်ကွက်ရှိ ဒေသခံများ နှင့် ဩဂုတ် ၃၁ မွန်းလွဲပိုင်းက တွေ့ဆုံပြီး ဒေသခံတို့၏ လိုအပ်ချက်များကို မေးမြန်းကာ စာရင်းပြုစုသွားသည်။

ဒေသခံများအား ရပ်ကွက်အုပ်ချုပ်ရေးမှူးမှတစ်ဆင့် ဆင့်ခေါ်ကာ အောင်ဇေယျရပ်ကွက်ရှိ ပညာ ရောင်ခြည်ဘုန်းကြီးကျောင်းအတွင်း တွေ့ဆုံမေးမြန်းခဲ့ခြင်း ဖြစ်သည်။

“ရပ်ကွက်ရဲ့ တိုးတက်ရာတိုးတက်ကြောင်း၊ ဖွံ့ဖြိုးရာ ဖွံ့ဖြိုးကြောင်း လုပ်ပေးချင်တဲ့အတွက် ဒီရွာကို လာပြီးတော့ ခင်ဗျားတို့ ရွာသားတွေနဲ့ တွေ့ဆုံဆွေးနွေးခြင်း ဖြစ်ပါတယ်။ ခင်ဗျားတို့ တင်ပြချက်တွေကို လည်းနားထောင်မယ်။ တင်ပြချက်တွေကို ချက်ချင်း လုပ်ပေးနိုင်တာတွေ လုပ်ပေးမယ်။ မလုပ်ပေးနိုင်တာတွေလည်း ရေရှည်လုပ်ရမယ့်အလုပ်တွေကို စီမံချက်တွေဆွဲပြီးမှ ဦးစားပေးတွေ တွက်ချက်ပြီးမှ လုပ်ကိုင်ပေးမှာ ဖြစ်ပါတယ်” ဟု ဒေသခံများအား ဦးသန်းဌေးက ပြောသည်။

၎င်းသည် လာမည့်ရွေးကောက်ပွဲတွင် မန္တလေးတိုင်း၊ မဲဆန္ဒနယ်အမှတ်(၉)တွင် တစ်သီးပုဂ္ဂလအဖြစ် အမျိုးသားလွှတ်တော်နေရာတွင် ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်သည်။

“မဲဆွယ်တာ မဟုတ်ပါဘူး။ မဲဆွယ်တာက သတ်မှတ်ထားတဲ့ကာလရောက်မှ လုပ်လို့ ရပါမယ်။ နေပြည်တော်ကောင်စီဝင်အနေနဲ့ လာတာ” ဟု ဦးသန်းဌေးက ဆိုသည်။

သို့သော် ၂၀၁၁ ခုနှစ်ကတည်းက နေပြည်တော်ကောင်စီဝင်တစ်ဦးဖြစ်ခဲ့သူ ဦးသန်းဌေးသည် အဆိုပါရပ်ကွက်သို့ ပထမဆုံးအကြိမ် ရောက်ရှိလာခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။

“သူက အရွေးခံမယ့်ပုဂ္ဂိုလ်ဆိုတော့ လာထိတွေ့တဲ့သဘောပါ။ ကျွန်တော်တို့ဆီကို လာမယ်ဆိုတော့ ရစရာရှိလည်း ရအောင်ပေါ့ဗျာ၊ ဒေသခံတွေကို ကျွန်တော်ဖိတ်ပေးထားတာပါ” ဟုအောင်ဇေယျ ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးဖြစ်သူ ဦးစိုးလွင်က မဇ္ဈိမကို ပြောသည်။

ဦးသန်းဌေးနှင့် တွေ့ဆုံစဉ် ဒေသခံများက ရပ်ကွက်အတွင်းရှိ စာသင်ကျောင်းကစားကွင်း မြေဖို့ရန်၊ အလုပ်အကိုင်အခွင့်အလမ်း ဖော်ထုတ်ပေးရန်နှင့် စာသင်ကျောင်းအိမ်သာ ဆောက်လုပ်ပေးရန်တို့ တင်ပြခဲ့သည်။

၎င်းသည် အောင်ဇေယျရပ်ကွက်အပြင် ဇေယျာသီရိမြို့နယ်အတွင်းရှိ ခေတ်အေးအုပ်စု၊ နန်းအောအုပ်စု၊ ပြည်စံအောင်ရပ်ကွက်၊ သာစည်ကျေးရွာအုပ်စု၊ ရေဆင်းကျေးရွာအုပ်စု၊ မအူတောကျေးရွာအုပ်စု၊ ကျွန်းချောင်း ကျေးရွာအုပ်စုနှင့် သက်နှင်းအေးရပ်ကွက်တို့ကိုလည်း သွားရောက်ကာ ဒေသခံများနှင့် အထက်ဖော်ပြပါ နည်းလမ်း အတိုင်း တွေ့ဆုံခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required