ဂွာတီမာလာ၌ မီးတောင်ပေါက်ကွဲမှုကြောင့် သေဆုံးသူ ၆၅ဦးအထိ မြင့်တက်

ဂွာတီမာလာ၌ မီးတောင်ပေါက်ကွဲမှုကြောင့် သေဆုံးသူ ၆၅ဦးအထိ မြင့်တက်

ဂွာတီမာလာစီးတီး၊ ဇွန် ၅ ။         ။ ဂွာတီမာလာနိုင်ငံ၌ တနင်္ဂနွေနေ့ကပေါက်ကွဲခဲ့သော ဖွေဂိုမီးတောင်ကြီးကြောင့် သေဆုံးသူအရေအတွက် ၆၅ ဦး အထိ မြင့်တက်လာခဲ့ပြီဖြစ်ကြောင်း အာဏာပိုင်များက တနင်္လာနေ့တွင် ကြေညာခဲ့ကြသည်။

နိုင်ငံမြို့တော်မှ ၃၁မိုင်ခန့်ကွာဝေးသော အရပ်တွင်ရှိသော ယင်းမီးတောင်ကြီးပေါက်ကွဲခဲ့မှုကြောင့် ဒဏ်ရာရသူ ၄၆ ဦးအထိရှိခဲ့ပြီး လူပေါင်း ၁၈၇၇ ယောက်ခန့်ကို ဘေးလွတ်ရာ၌ ယာယီနေရာချပေးထားကြောင်း အမျိုးသား သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဒေးဗစ်ဒီလီယွန်က ဆိုခဲ့သည်။

ဒါ့အပြင် မီးတောင်အနီး၌နေထိုင်ကြသော ပြည်သူ ၃၂၇၁ ဦးခန့်ကိုလည်း ဘေးလွတ်ရာသို့ နေရာပြောင်းရွှေ့ ပေးထားပြီး မီးတောင်အတွင်းမှ သဲမှုန့်၊ ပြာမှုန့်၊ မီးခိုးများနှင့် အန္တရာယ်ရှိသော ချော်ရည်များ ပေါက်ကွဲထွက် လာကြောင်း ဒီလီယွန်က ပြောခဲ့သည်။

မီးတောင်အတွင်းမှ ထွက်ပေါ်လာသော ပြာမှုန့်များကြောင့် ဖြစ်ပေါ်လာသောတိမ်တိုက်များသည် ၁၆၁ မိုင်ဝန်း ကျင်ခန့်ကို ပြန့်နှံ့သွားခဲ့ပြီး လူပေါင်း ၁.၇ သန်းခန့် ယင်းဖြစ်ရပ်ကို ကြံုတွေ့ခံစားနေရကြောင်း သိရသည်။

နိုင်ငံသမ္မတ ဂျင်မီမိုရာလက်စ်သည် ဇနီးသည် ပတ်ထရီစီယာမာရိုကွင်နှင့်အတူ အခင်းဖြစ်ပွားရာနေရာသို့ တနင်္လာနေ့က သွားရောက်ခဲ့ပြီး ပြာမှုန့်များထွက်ပေါ်လာမှုနှင့် ချော်ရည်ပူများစီးဆင်းမှုတို့ကို ကြည့်ရှုခဲ့ကြသည်။

ဒါ့အပြင် သမ္မတမိုရာလက်စ်က သူ၏အစိုးရအဖွဲ့သည် ဒုက္ခသည်များကို စောင့်ရှောက်ဖို့ အစားအစာအလုံ အလောက်ရှိကြောင်းနှင့် အရေးပေါ်အကူအညီများကိုလည်း ပေးအပ်သွားမည်ဟု ဆိုခဲ့သည်။ နိုင်ငံ၏စစ်တပ် သည် ပျောက်ဆုံးသူများကိုရှာဖွေခြင်း၊ ကျောက်တုံးကြီးများ၊ သဲမှုန့်နှင့် ပြာမှုန့်များကို ဖယ်ရှားခြင်းတို့အား လုပ်ဆောင်လျက်ရှိသည်။

ဆက်လက်ပြီး မိုရာလက်စ်က သူ့အနေဖြင့် ပနားမား၊ ကော်စတာရီကာ၊ အယ်လ်ဆာဗေးဒေါနှင့် ဟွန်ဒူးရပ်စ် နိုင်ငံတို့မှ နိုင်ငံအကြီးအကဲများနှင့် စကားပြောဆိုခဲ့ပြီး ထိုသူအားလုံးက ဂွာတီမာလာနိုင်ငံကို အကူညီပေးဖို့ ကမ်းလှမ်းထားကြောင်း လူထုကို အသိပေးခဲ့သည်။

အစ္စရေး၊ ကိုလံဘီယာနှင့် အမေရိကန်အစိုးရတို့ကလည်း အကူအညီပေးဖို့ ကမ်းလှမ်းထားကြောင်း သိရသည်။

ဖွေဂိုမီးတောင်ကြီးသည် အမြင့်ပေ ၁၂၃၄၀ ခန့်ရှိပြီး ဂွာတီမာလာနိုင်ငံရှိ မီးတောင် ၃၂ လုံးထဲ၌ အင်အားအပြင်း ဆုံး မီးတောင်ရှင်ကြီးတစ်လုံးဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required