အဖမ်းခံရမည်ကို ကြောက်ရွံ့ခြင်းမရှိဟု ပြည်တော်ပြန် မာလဝီသမ္မတဟောင်း ပြောဆို

အဖမ်းခံရမည်ကို ကြောက်ရွံ့ခြင်းမရှိဟု ပြည်တော်ပြန် မာလဝီသမ္မတဟောင်း ပြောဆို

ဒိုမာစီ၊ မာလဝီ၊ ဧပြီ ၃၀ ။                  ။ ပြည်တော်ပြန် မာလဝီနိုင်ငံသမ္မတဟောင်း ဂျွိုက်စီဘန်ဒါက သူမကို အကျင့်ပျက်ခြစားမှုစွပ်စွဲချက်များဖြင့် ဖမ်းဝရမ်းထုတ်ထားသော်လည်း အဖမ်းခံရမည်ကို   ကြောက်ရွ့ံနေခြင်းလုံးဝမရှိကြောင်း တနင်္ဂနွေနေ့က ကြွေးကြော်ခဲ့သည်။

မိမိကိုယ်မိမိ ၄နှစ်ခန့် ပြည်နှင်ဒဏ်ခတ်ခဲ့ပြီးနောက် မာလဝီနိုင်ငံသို့ စနေနေ့က ပြန်လည်ရောက်ရှိလာသည့် ဘန်ဒါက “ ကျမလုံးဝမကြောက်ပါဘူး။ သူတို့ကြိုက်တဲ့အချိန် ကျမကိုလာဖမ်းနိုင်ပါတယ်။ ကျမ မဟုတ်တာ ဘာတစ်ခုမှ မလုပ်ထားပါဘူး” ဟု မြို့တော် ဘယ်လန်ထရီမြောက်ပိုင်းရှိ ဒိုမာစီကျေးရွာ၌ သူမကိုထောက်ခံသူ များနှင့် တွေ့ဆုံစဉ်တွင် ပြောဆိုခဲ့သည်။

“ဒါပေမယ့် ကျမချစ်တဲ့ပြည်သူတွေရဲ့ ပိုင်ဆိုင်မှုတွေကို ခိုးယူသွားတဲ့သူတွေကိုတော့ ဖမ်းဆီးအရေးယူရမှာ ဖြစ်ပါတယ်” ဟု သူမက ဆက်လက်ပြောဆိုခဲ့သည်။

အသက် ၆၈နှစ်အရွယ်ရှိဘန်ဒါသည် လွန်ခဲ့သော ၂၀၁၄ခုနှစ်က Cashgate ဟုခေါ်သော ဟိုးလေးတကျော်ဖြစ် ခဲ့ရသော အကျင့်ပျက်ခြစားမှုကိစ္စကြောင့် အမှုပတ်ခဲ့ရပြီး သူမ၏အာဏာကိုလက်လွှတ်ဆုံးရှုံးခဲ့ရကာ နိုင်ငံ အတွင်းမှ ထွက်ပြေးခဲ့သူဖြစ်သည်။ Cashgate ဖြစ်ရပ်မှာ မာလဝီအစိုးရအရာရှိကြီးများသည် ပြည်သူ့ဘဏ္ဍာငွေ ထဲမှ ဒေါ်လာသန်းပေါင်းများစွာကို ခိုးယူသုံးစွဲခဲ့မှုဖြစ်သည်။

ရဲတပ်ဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ဂျိမ်းစ်ခါလက်ဇီရာကမူ ဘန်ဒါအား ဖမ်းဆီးမှာလားဟုမေးမြန်းမှုအပေါ် ဖြေဆို သွားဖို့ ငြင်းဆန်ခဲ့သော်လည်း ပြီးခဲ့သောဇူလိုင်လက ထုတ်ပြန်ခဲ့သည့် ဖမ်းဝရမ်းမှာ အသက်ဝင်နေဆဲဖြစ်သည် ဟု ပြောဆိုခဲ့သည်။

ယခုနှစ်အစောပိုင်းတွင် မာလဝီအကျင့်ပျက်ခြစားမှုနှိမ်နင်းရေးဗြူရို (ACB) က သမ္မတဟောင်းဘန်ဒါသည် ပြစ်မှုကျူးလွန်ခဲ့သည်ဟု သက်သေထင်ရှားစွာပြသနိုင်ခြင်းမရှိကြောင်း ပြောဆိုခဲ့ပြီး သူမ၏အမည်အား တစ်စိတ်တစ်ပိုင်း ပယ်ဖျက်ပေးခဲ့သည်။

ပြည်တွင်းမီဒီယာများကလည်း ဘန်ဒါအနေဖြင့် လာမည့်နှစ်တွင်ကျင်းပမည့် ရွေးကောက်ပွဲ၌ ပါ၀င်ယှဉ်ပြိုင်သွား နိုင်ပြီး လက်ရှိသမ္မတပီတာမူသာရီကာနှင့် သဘောတူညီချက်များ ရယူသွားလိမ့်မည်ဟု ဖော်ပြနေကြသည်။

ဘန်ဒါက သူမကို လာဘ်စားမှုဖြင့်စွဲချက်တင်ထားသော အမှုများအား နိုင်ငံတကာရဲတပ်ဖွဲ့ (အင်တာပိုလ်)မှ ပယ်ဖျက်ပေးထားပြီးပြီဖြစ်ကြောင်းနှင့် မာလဝီနိုင်ငံကြီးကို သူမအနေဖြင့် ကယ်တင်သွားမည်ဟု ရွေးကောက်ပွဲ ၀င်ပြိုင်နိုင်ချေနှင့်ပက်သက်၍ အရိပ်အမြွက်ပြောဆိုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required