ကနေဒါတွင် လူအုပ်ထဲ ဗင်ကားဖြင့် ၀င်တိုက်သည့် အမျိုးသားကို လူသတ်မှု စွဲချက် ၁၀ ခုဖြင့် တရားစွဲ

ကနေဒါတွင် လူအုပ်ထဲ ဗင်ကားဖြင့် ၀င်တိုက်သည့် အမျိုးသားကို လူသတ်မှု စွဲချက် ၁၀ ခုဖြင့် တရားစွဲ

ဧပြီ ၂၅ ။            ။ လူ ဆယ်ဦး သေဆုံးခဲ့သည့် တိုရွန်တိုမြို့ လူအုပ်ထဲ ဗင်ကားဖြင့် ၀င်တိုက်မှု ဖြစ်စဉ်တွင် အဓိက တရားခံ ကားဒရိုင်ဘာအမျိုးသားအား လူသတ်မှု စွဲချက် ဆယ်ခု ဖြင့် စွဲဆိုအမှုဖွင့်လိုက်ပြီဖြစ်ကြောင်း ကနေဒါ အာဏာပိုင်များက ပြောသည်။

အဆိုပါ အဆင်အခြင်မဲ့သည့် တိုက်ခိုက်မှု လုပ်ရပ်မျိုးဖြင့် နိုင်ငံ၏ တန်ဖိုးစံနှုန်းများကို ထိပါးခွင့်မပြုရန် ကနေဒါ၀န်ကြီးချုပ် ဂျက်စတင် ထရူးဒိုးကလည်း နိုင်ငံကို တိုက်တွန်းသွားသည်။

အဆိုပါ ဖြစ်စဉ်တွင် ဗင်ကားတစ်စီးက နိုင်ငံတွင် လူဦးရေ အထူထပ်ဆုံးမြို့၏ လမ်းမကြီးတစ်ခုတွင် လူအုပ်စုတစ်ခုထဲသို့ အရှိန်ဖြင့် ၀င်တိုက်ခဲ့ခြင်းဖြစ်သည်။

ယခုအခါ အဆိုပါ ဗင်ကားဒရိုင်ဘာဖြစ်သည့် အသက် ၂၅ နှစ်အရွယ် အလက်ခ် မီနက်စီယန် ဆိုသူ အမျိုးသားကို ဖမ်းဆီးထားပြီး ဖြစ်သည်။ ၎င်း၏ လုပ်ရပ်ကြောင့် လူ ဆယ်ဦး သေဆုံးကာ အခြား ၁၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

" ဒါက အရမ်းကို ကြီးမားတဲ့ လူသတ်မှု ဖြစ်စဉ်တစ်ခုကို စုံစမ်းစစ်ဆေးနေခြင်းပါ၊ ဒီစုံစမ်းစစ်ဆေးမှုတွေက ခုမှ ကနဦး အဆင့်မှာပဲ ရှိပါသေးတယ်၊ ခုထိတော့ အမျိုးသားလုံခြံုရေးအတွက် စိုးရိမ်စရာ ဆက်စပ်မှုမျိုး မတွေ့ရသေးပါဘူး" လို့ ကနေဒါ ပြည်သူ့ရေးရာ ၀န်ကြီး ရက် ဂွတ်ဒေးလ်က ပြောသွားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required