မြောင်းမြကြိုးတံတား တည်ဆောက်စဉ်ကတည်းက စောင်းနေခဲ့ကြောင်း ဆောက်လုပ်ရေး ထုတ်ပြန်

မြောင်းမြကြိုးတံတား တည်ဆောက်စဉ်ကတည်းက စောင်းနေခဲ့ကြောင်း ဆောက်လုပ်ရေး ထုတ်ပြန်

ဧပြီ ၄ ။            ။ ပြတ်ကျခဲ့သော မြောင်းမြကြိုးတံတားသည် တည်ဆောက်ပြီ်းစဉ်ကတည်းက စောင်းနေခဲ့ပြီး အမြဲနှစ်စဉ်စောင့်ကြည့်စစ်ဆေးခဲ့ရကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ဧပြီလ ၄ ရက်တွင် ထုတ်ပြန်သည်။

မြောင်းမြမြို့နယ်၊ကြိုးတံတားမှာ ဧပြီလ ၁ ရက်နေ့၊ နံနက်၁နာရီ၄၅မိနစ်တွင် မြောင်းမြဘက်ကမ်း ဆိုင်းကြိုး ပြတ်တောက်ကာ တံတားပြတ်ကျခဲ့ခြင်း ဖြစ်ပြီး သံမဏိကြိုးများ ဆွေးမြေ့ပြီး ကြိုးပြတ်၍ တံတားကျိုးကျပျက်စီးခဲ့ရခြင်းဖြစ်သည်ဟု သိရသည်။

အဆိုပါ တံတားသည် ၁၉၉၄ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ပြီး ၁၉၉၆ ခုနှစ်တွင် ဖွင့်လှစ်အသုံးပြုခဲ့ရာ တံတားသက်တမ်းမှာ (၂၂)နှစ်ခန့် ရှိသည်။

" အဆိုပါ တံတား တည်ဆောက်စဉ်ကပင် တန်ချိန်(၈၅၀၀) အလေးချိန်ရှိသော ကွန်ကရစ် ကြိုးထိန်းခုံ နိမ့်ကျမှုဖြစ်စဉ် ရှိခဲ့၍ ပြန်လည်ပြင်ဆင်ခဲ့ရသော တံတား ဖြစ်ပါသည်။ မြောင်းမြ ဘက်ကမ်းရှိ ကွန်ကရစ် ကြိုးထိန်းခုံ နိမ့်ကျမှုဖြစ်စဉ်ကြောင့် တာဝါတိုင်သည် မြစ်၏ဆန့်ကျင်ဘက်သို့ (၁၁) လက်မ စောင်းရမည့်အစား မြစ်ဘက်သို့ (၇)လက် မ စောင်းနေ၍ တံတားတည်ဆောက် ပြီးစီးချိန်ကစ၍ နှစ်စဉ်စောင့်ကြည့် စစ်ဆေးခဲ့ရပါသည်" ဟု ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။

“ထိုသို့ တံတားသက်တမ်း နှစ်(၂၀)ပြည့်မြောက်သည့် ၂၀၁၆ ခုနှစ်မှစ၍ လစဉ် စစ်ဆေးမှုများ ပြုလုပ်ခဲ့ပါသည်။ စစ်ဆေးရာတွင် တံတားကြမ်းခင်းများ၊ မူလီများ၊ Expansion Joint များ၊ Suspender Rod များ မကောင်းလျှင် လဲလှယ်မှုများ ချက်ချင်းပြုလုပ်ခဲ့သည်”ဟု လည်း ဆောက်လုပ်ရေးဝန်ကြီးဌာနထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လက်ရှိတွင် တံတားအသစ်ကို (၁)နှစ်အတွင်း ပြီးစီးအောင် တံတားအမျိုးအစား ပြောင်းလဲတည်ဆောက်သွားမည် ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင်  မြောင်းမြတံတား အပါအဝင် ကြိုးတံတားစုစုပေါင်း အစင်း(၃၀)ရှိပြီး လက်ရှိ အသုံးပြုလျက်ရှိသော တိုင်းဒေသကြီးနှင့် ပြည်နယ်များ အတွင်းရှိ ကြိုးတံတား (၂၉)စင်းကို စိုးရိမ်မှု မရှိကြရန် ဆောက်လုပ်ရေးဝန်ကြီးဌာနမှထုတ်ပြန်ထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly